စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး ၂ လအကြာ စစ်ကိုင်းဖက်ဒရယ်ကောင်စီထံချိတ်ဆက်သူ ၁၀၀ ကျော်ရှိလာ
*****
ယမင်းဖူးပွင့်အောင်
ဧပြီ ၅၊ ၂၀၂၄။
ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး ၂ လအကြာတွင် အဓမ္မစစ်မှုထမ်း စေခိုင်းခြင်းဆိုင်ရာ ချိတ်ဆက် ကူညီပေးရေးလုပ်ငန်းအဖွဲ့ စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) အဖွဲ့ထံ ဆက်သွယ်လာသည့် လူငယ် ၁၀၀ ကျော်ရှိသည်ဟု တာဝန်ရှိသူများထံက သိရသည်။
အစောပိုင်းကာလတွင် စစ်ကိုင်းတိုင်းပြင်ပကလူငယ်များကို လက်ခံမည့်အစီအစဉ်မရှိသော်လည်း ယခုလက်ရှိတွင် လက်ခံရန် ဆွေးနွေးမှုများရှိနေသည်ဟု စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)၊ အဓမ္မစစ်မှုထမ်း စေခိုင်းခြင်းဆိုင် ရာ ချိတ်ဆက်ကူညီပေးရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေ က သံလွင်ခက်ကိုပြောသည်။
တော်လှန်ရေးအဖွဲ့အစည်းများထံဝင်ရောက်လိုသည့် လူငယ်များနှင့်ချိတ်ဆက်ဆောင်ရွက်ရာတွင် လုံခြုံရေးအရ မေးမြန်းမှုများပြုလုပ်ကာ စိတ်ချနိုင်ဖွယ်ရှိမှ လက်ခံသည်ဟု ကိုစိုးဝင်းဆွေ ကဆိုသည်။
“မခေါ်ခင် အင်တာဗျူးအရင်လုပ်ပါတယ်။ စိတ်ချယုံကြည်လောက်ဖွယ်ရှိမှ လက်ခံပါတယ်။ အဲဒီ risk ကတော့ ယူရတာပါပဲ။ မယူရင်လည်း မခေါ်ရုံပဲရှိမယ်ထင်တယ်။ ဒါပေမယ့် ဒလန်ဆိုတာကတော့ ကျွန်တော်တို့ဆီချိတ် ဆက်မှ မဟုတ်ပါဘူး။ သူ့တို့ဟာသူတို့လည်း တော်လှန်ရေးထဲမှာ နည်းပေါင်းစုံနဲ့ စိမ့်ဝင်ပျံ့နှံ့နေနိုင်တာပဲဗျ” ဟုပြောသည်။
အဓမ္မစစ်မှုထမ်း စေခိုင်းခြင်းဆိုင်ရာချိတ်ဆက်ကူညီပေးရေးလုပ်ငန်းအဖွဲ့ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး) အဖွဲ့ကို မတ်လတွင်စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီက အဓမ္ဓစစ်မှုထမ်းရန် စေခိုင်းမည့်ဥပဒေအပေါ် ဖီဆန်တော် လှန်ကြမည့်ပြည်သူလူထုအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရသည်။
ချိတ်ဆက်လိုသူများသည် စစ်ကိုင်းတိုင်းဒေသခံ ၅/ ဖြစ်ရန်၊ စစ်ကောင်စီက စစ်မှုထမ်းရန်သတ်မှတ်ထားသည့် အသက်အရွယ်ဖြစ်ရန်၊ စစ်ကောင်စီအား တနည်းနည်းဖြင့် အားပေးထောက်ခံခဲ့ သူ(စစ်တပ်ထုတ်ကုန်ဖြန့်ဖြူး ရောင်းချသူ၊ Non CDM) မဖြစ်ရန်၊ လုပ်ငန်းအဖွဲ့ကစီစဉ်ပေးသည့်နေရာသို့ သွားရောက်နေထိုင်နိုင်သူဖြစ်ရန်၊ လုပ်ငန်းအဖွဲ့ကစီစဉ်ပေးသည့် တော်လှန်ရေးအဖွဲ့(သို့) ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် မိမိတတ်စွမ်းသရွေ့ အနည်းဆုံး ၁ နှစ်တာဝန်ထမ်းရွက်လိုသူဖြစ်ရန် စသည်ဖြင့် သတ်မှတ်ထားသည်။
တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်လာမည့်လူငယ်များသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်ရှားလို ရုံသာမကဘဲ တော်လှန်ရေးစိတ်ဓာတ်ပြင်းပြရန်လည်းလိုအပ်သည်ဟု သပိတ်တက်ကြွလှုပ်ရှားသူ မချောစုဟန်က အကြံပေးပြောဆိုထားသည်။
“ရေပေါ်ဆီလုပ်လို့တော့မရဘူး။ ကိုယ့်အိမ်မှာနေသလိုနေလို့တော့မရဘူး။ စစ်သည်တော်ကျင့်ဝတ်တွေကိုလည်း လေးစားလိုက်နာဖို့လိုအပ်တယ်။ ပင်ပန်းမှုတွေရှိမယ်။ ဆင်းရဲတဲ့ဒဏ်တွေခံရမယ်။ နှစ်ပေါင်း ၇၀ ကျော်တဲ့ စစ်တပ် ကိုတိုက်ခိုက်နေတာဖြစ်တဲ့အတွက် ရန်သူထက်ပိုပြီး ကြံ့ခိုင်ဖို့လိုအပ်ပါတယ်”ဟုပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၀ ရက်တွင် ဆက်သွယ်လာသူ ၆၄ ဦးရှိပြီး ၃၁ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းအတွင်းကဖြစ်ကာ ၆၉ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းပြင်ပကဖြစ်သည်ဟု စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)အဖွဲ့ထံက သိရသည်။
ပုံစာ – ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် ၁ သင်တန်းသားများကိုတွေ့ရစဉ်။
************
Telegram– > https://t.me/ThanLwinKhetNews/4197
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8987