အကျိုးစီးပွား၊ လုပ်ပိုင်ခွင့်ရှိသူများကြားက တရုတ်ဆက်ဆံရေး
*****************
ယမင်းဖူးပွင့်အောင်
ဧပြီ ၃၊ ၂၀၂၄။
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အင်အားစု၊ အစုအဖွဲ့များနှင့် ဆက်ဆံရာတွင် တရုတ်နိုင်ငံသည် ၎င်း၏ အကျိုးစီးပွားကို ပိုမိုအထောက်အပံ့ပေးနိုင်သူကိုသာ ဦးစားပေးလက်တွဲမည်ဖြစ်သည်ဟု တရုတ်-မြန်မာအရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။
မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar က ပြုစုထားသည့် တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်းတွင် တရုတ်နိုင်ငံသည် အာဏာရှိသူမည်သူနှင့်မဆိုပြေလည်လိုကြောင်း ဖြေဆိုသူ ၈၂ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
တရုတ်နိုင်ငံသည် One China Policy စနစ်ကိုကျင့်သုံးနေပြီး ကမ္ဘာ့နေရာအနှံ့တွင် စီးပွားရေးတည်ဆောက်ရန် ကြိုးစားနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သံလွင်ခက်ကိုပြောသည်။
၄င်းက “ အာဏာလို့ပြောလိုက်ရင် သူ့ရဲ့ အကျိုးစီးပွားအတွက် ဘယ်အုပ်စုက အမြင့်ဆုံးအာဏာပိုင်ဖြစ်နေလည်းဆိုတာ၊ သူ့ရဲ့ အကျိုးစီးပွားနဲ့ပတ်သက်ပြီးတော့ ဘယ်သူက ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချနိုင်လည်းဆိုတဲ့အပေါ်မှာ မူတည်ပြီး စဉ်းစားတယ်လို့ပြောလို့ရပါတယ်”ဟုဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေးအပေါ် လွှမ်းမိုးမှုကြီးမားသည်ကို ၁၀၂၇ စစ်ဆင်ရေးတွင် တွေ့မြင်နိုင်သည်ဟု သုံးသပ်မှုများစွာရှိခဲ့သည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့နှင့် စစ်ကောင်စီတို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံနယ်နိမိတ်နှင့်ထိစပ်နေသည့် တရုတ်နိုင်ငံနယ်စပ်မြို့များတွင် ကုန်သွယ်ရေးရပ်တန့်ခဲ့ပြီး တရုတ်၏ အကျိုးစီးပွားကို ခြိမ်းခြောက်လာခဲ့သည်ဟု ရှမ်းပြည်နယ်၊ မြောက်ပိုင်းရှိဒေသခံများက ဆိုကြသည်။
မူဆယ်ဒေသခံ ၁ဦးက “ တရုတ်နယ်စပ်မြို့တွေမှာ အုံကြွမှုတွေဖြစ်လာနိုင်တယ်။ မြန်မာပြည်ဘက်ကရတဲ့ ရိက္ခာတွေနဲ့ တရုတ်ဘက်မှာလည်ပတ်နေတာတွေရှိတယ်။ အထူးသဖြင့် တရုတ်ပြည် ယူနန် ဒီဘက်က ရိက္ခာကို မှီခိုနေရတာများတယ် ”ဟု ပြောသည်။
တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများနှင့် စီမံကိန်းများကိုပါ ထိခိုက်လာသည့်အတွက် နှစ်ဘက်အဖွဲ့အစည်းကို အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံက ဖိအားပေးမှုများရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA နှင့်နီးစပ်သူများထံက သိရသည်။
ရှမ်းမြောက်ရှိလက်နက်ကိုင်တပ်ဖွဲ့များအပေါ် တရုတ်နိုင်ငံက လွှမ်းမိုးမှုရှိကြောင်း စစ်တမ်းကောက်ခံရာတွင်လည်း ၉၂ရာခိုင်နှုန်းက ထောက်ခံခဲ့သည်ဟု ISP စစ်တမ်းတွင် ဖော်ပြထားသည်။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက လက်နက်ခဲယမ်းလိုအပ်မှုအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ တရုတ်နိုင်ငံအပေါ် မှီခိုနေရခြင်းကြောင့် တရုတ်၏ ကြားဝင်စွက်ဖက်မှုကို မလွှဲမရှောင်သာလက်ခံရန်သာရှိသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်သည်။
ဒေါက်တာစိုင်းကြည်ဇင်စိုးက “ ဒီကာလမှာ bargaining power အကြီးဆုံးရသွားတာက သူတို့ရဲ့ တောင်းဆိုမှုကို ငြင်းဖို့ခက်တဲ့အနေအထားမျိုးကိုရောက်သွားစေတယ်။ တရုတ်အပေါ်မှာ မှီခိုနေရတဲ့ကိစ္စက စိုးရိမ်စရာရှိတယ်ဆိုတဲ့ သဘောတော့ရှိပါတယ် ” ဟုပြောသည်။
တရုတ်နိုင်ငံသည် ကွန်မြူနစ်စနစ်ကိုကျင့်သုံးသည့်နိုင်ငံဖြစ်သည့်အလျောက် အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို မပေါ်ထွန်းစေချင်သည့် သဘောဆန္ဒထင်ရှားသည်ဟု သုံးသပ်မှုများလည်းရှိသည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေဖြင့်လည်း တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးတည်ဆောက်ရန်ကြိုးပမ်းနေပြီး ပြီးခဲ့သည့် တရုတ်နှစ်သစ်ကူးနေ့တွင်လည်း တရုတ်နိုင်ငံသို့ သဝဏ်လွှာပေးပို့ခဲ့သည်။
တရုတ်နိုင်ငံသည် စစ်ကောင်စီနှင့်လည်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံကောင်းအဖြစ်အစဉ်တစိုက်ရပ်တည်ခဲ့သည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသည်။
တရုတ်နိုင်ငံကို အိမ်နီးချင်းနိုင်ငံကောင်းအဖြစ် ရှုမြင်သူ နည်းပါးဆဲဖြစ်သည်ဟု ISP-Myanmar ၏ စစ်တမ်းအရ သိရသည်။