ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းသိမ်းပိုက်နိုင်းရေး AA ထိုးစစ်အရှိန်မြှင့်
*******
ခင်သရဖီဦး
ဧပြီ ၄၊ ၂၀၂၄။
ရက္ခိုင့်တပ်တော် – AA သည် မောင်တောရှိ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကြီးတစ်ခုလုံးအား သိမ်းပိုက် နိုင်ရန်အတွက် ထိုးစစ်အရှိန်မြှင့်ထားကြောင်း ယမန်နေ့ ဧပြီ ၃ ရက်က ထုတ်ပြန်လိုက်သည်။
ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား ဝန်းရံပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေခဲ့သည်မှာ ၁ လ ကျော် ခန့်ရှိလာပြီဖြစ်ကာ အတိုင်းအတာတစ်ခုထိသိမ်းယူထားနိုင်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အရှိန်မြှင့်ထားသည်ဟုသိရသည်။
“မောင်တော၊ ကြိမ်ချောင်းစခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက်ရှိသော ကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်” ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
AA အနေဖြင့် လက်ရှိတွင် မောင်တော၊ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းအပါအဝင် စခန်းကြီး ၃ ခုအား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုလည်း ဆိုထားသည်။
” ယခုရက်များအတွင်း၌ ရက္ခိုင့်တပ်တော်က အဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီ ၏ စခန်းများမှာ ဘူးသီးတောင်၊ စကခ – ၁၅ လက်အောက်ခံ ခမရ – ၅၆၄ တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်း ရှိ စကခ ၅ လက်အောက်ခံ တောဟိန်းတောင်ဗျူဟာအပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းတို့ဖြစ်ကြသည်” ဟု ထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော် သည် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်၊ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်စခန်းအား ဧပြီလ ၁ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယင်းအပြင် အခြားကျန်ရှိနေသည့်စခန်းငယ်များအားလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ကြိုးပမ်း လျက်ရှိသည်ဟု ဆိုသည်။
“ ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာအရှေ့ဘက် မီတာ ၁,၅၀၀ ခန့်အကွာရှိ စစ်ကောင်စီ၏ ပွိုင့်၂၅၇ စခန်း အား၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၆ နာရီ ၂၀ မိနစ်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် ဒုတိယနေ့ ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်” ဟုဆိုသည်။
ယင်းအတွက် စစ်တပ်အနေဖြင့် လေကြောင်းပစ်ကူများသုံးပြီး အသည်းအသန် ခုခံကာကွယ်နေသကဲ့သို့ AA ဘက် ကလည်း ထိုးစစ်အား တစ်ဆင့်ချင်းအရှိန်မြှင့်လျက်ရှိသောကြောင့် တိုက်ပွဲများပြင်းထန်နေခဲ့သည်ဟု သိရသည်။
စစ်ရှုံးနေသည့်စစ်ကောင်စီက ရခိုင်ဒေသတွင် ပြည်သူကိုပစ်မှတ်ထားသည့်အပြင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေ ရပ်ကွက်များကို လေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိနေသည်ဟု AA က ထုတ်ပြန်သည်။
************
Telegram– > https://t.me/newstlk/4181
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8942