စစ်မှုထမ်းဥပဒေကြောင့် ရခိုင်တောင်ပိုင်းကလူငယ်အများအပြား ဘေးလွတ်ရာတိမ်းရှောင်နေရ
*****
ခင်သရဖီဦး
ဧပြီ ၃၊ ၂၀၂၄။
ရခိုင်ပြည်နယ်တောင်ပိုင်းကလူငယ်များသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ယခုရက်ပိုင်းအတွင်း မိမိ နေရပ်အားကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
AA မထိန်းချုပ်နိုင်သေးသည့်ဒေသများဖြစ်သည့် ကျောက်ဖြူ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်၊ သံတွဲ ၊ အမ်း စသည့် မြို့နယ်များကလူငယ်များ ယခုကဲ့သို့ တိမ်းရှောင်နေကြရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်ကထုတ်ပြန်လိုက်သည့် စစ်ကောင်စီ၏ပြည့်သူ့စစ်မှုထမ်းဥပဒေအား ရခိုင် ပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီက အကောင်အထည်ဖော်ရန်ကြိုးစားနေခြင်း ဖြစ်သည်။
” ရွာတွေမှာ စစ်မှုထမ်းဖို့အတွက် လူတောင်းလို့မရဘူး။ ဆိုတော့ နောက်တစ်နည်းနဲ့ ပေါ့လေ ။ စစ်ကောင်စီအုပ် ချုပ်ရေးမှူးတွေကတဆင့် တောင်းနေတယ်လေ။ ဆိုတော့ အကုန်လုံးက တိမ်းရှောင်တဲ့လူတွေပါပဲ” ဟု မာန်အောင် က လူငယ် ၁ ဦးက ဆိုသည်။
စစ်ကောင်စီအနေဖြင့် မာန်အောင်တွင် စစ်မှုထမ်းစာရင်းကောက်ယူနေသည်မှာ ၃ ရက်ခန့်ရှိနေပြီးဖြစ်ကာ ရပ်ကွက်အုပ်ချုပ်ရေးနှင့် လူငယ်အများအပြား စတင်တိမ်းရှောင်နေကြသည်ဟု သိရသည်။
ကျန်သည့်မြို့နယ်များတွင်လည်း စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရန် ပြောဟောပွဲများပြုလုပ်၍ လည်း ကောင်း ၊ လစာရမည်ဆိုသည့်မက်လုံးပေး၍လည်းကောင်း ခေါ်နေသည်ဟု သိရသည်။
စစ်တပ်တွင် မဖြစ်မနေ စစ်မှုထမ်းရမည်ဆိုသော်လည်း စစ်မှုထမ်းမည်မဟုတ်ကြောင်းနှင့် စစ်တပ်က စစ်အင်အား နည်းလာသည့်အတွက် ယခုကဲ့သို့အသုံးချမှုတစ်ရပ်သာဖြစ်ကြောင်း အမ်းမြို့နယ်က လူငယ်တစ်ဦးကဆိုသည်။
“မဖြစ်မနေစစ်မှုထမ်းရမယ်ဆိုရင်လည်း ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ထမ်းမှာလဲမဟုတ်ဘူး။ ပါးစပ်ကပြောသလိုဖြစ် နေတဲ့ ဥပဒေအပေါ် ဘယ် ပြည်သူတစ်ဦးတစ်ယောက်မှလည်း ကြည်ဖြူမှာမဟုတ်ဘူး။ စစ်တပ်က အကျအဆုံး များပြီး စစ်အင်အားနည်းလာလို့ မဖြစ်မနေ ပြည်သူတွေကို အသုံးချတာလို့ပဲမြင်ပါတယ်” ဟုဆိုသည်။
စစ်ကောင်စီအနေဖြင့် တောင်ပိုင်းကမြို့နယ်များတွင် အိမ်ခြေအလိုက်အရေအတွက်ကြည့်ပြီး စစ်မှုထမ်းနိုင်သည့် လူဦးရေစာရင်း တောင်းခံနေမူများရှိနေသည်။
ယင်းအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဘေးကြပ်နံကြပ်ကြုံနေရ၍ အုပ်ချုပ်ရေးမှူးတချို့ တိမ်းရှောင်နေရ သည်ဟု သိရသည်။
တောင်ပိုင်းတွင်ရှိနေသည့် လူငယ်များအနေဖြင့် လက်ရှိတွင် ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်သင့်ကြောင်း ကျောက်ဖြူက လူငယ်တစ်ဦးက ဆိုသည်။
” ကျွန်တော်တို့ရခိုင်မှာဆိုရင်တော့ သူတို့အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ တောင်ကုတ် ၊ သံတွဲ ၊ မာန်အောင် မြို့ပေါ် ဧရိယာတွေလောက်ပဲရှိတာဆိုတော့ မြို့ပေါ်မှာရှိနေတဲ့လူငယ်တွေကတော့ တစ်ခုခုကိုစဥ်းစားနေရမယ့်အချိန် ထက် ဆုံးဖြတ်ရမယ့်အချိန်ကိုရောက်နေပြီလို့ပဲထင်တယ်။ စကစရဲ့ ကျဆုံးစစ်သည်အင်အားရဲ့နေရာမှာ လူငယ် တွေကိုအစားထိုးပြီး အသေခံခိုင်းမယ့်ကိစ္စကိုတော့ ဘယ်ပြည်သူကမှထောက်ခံမယ်မထင်ဘူး” ဟုဆိုသည်။
စစ်ကောင်စီအနေဖြင့် ၁ လလျှင် ၁ ကြိမ် စစ်သင်တန်းပေးမည်ဖြစ်ပြီး သင်တန်း ၁ ကြိမ်တွင် လူဦးရေ ၅,၀၀၀ အထိ သင်တန်းပေးသွားမည်ဟုဆိုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အမျိုးသားဖြစ်လျှင် ၁၈ နှစ်ကနေ ၃၅ နှစ်၊ အမျိုးသမီးဆိုလျှင် ၁၈ နှစ်မှ ၂၇ နှစ်ဖြစ်ပြီး ၂၄ လ ၂ နှစ်ထက်မပိုသော ကာလအပိုင်းအခြား တာဝန်ထမ်းရမည်ဖြစ်သည်။
စစ်မူထမ်းဥပဒေအား ၂၀၁၀ ခုနှစ် တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့သော်လည်း အကောင်းအထည်ဖော်ဆောင်ရွက်ခြင်းမရှိခဲ့ဘဲ လက်ရှိအချိန်ရောက်မှ စစ်ရှုံးနေသည့် စစ် ကောင်စီက အသက်ပြန်သွင်းလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေအား အကောင်းအထည်ဖော်နေပြီဖြစ်ကာ ကိုယ်တိုင်ဆန္ဒပြု၍ ဝင်ရောက်လာသူ များပြားသည်ဟု စစ်ကောင်စီဝါဒဖြန့်လူမှုကွန်ရက်များတွင် ဝါဒဖြန့်ချိနေကြသည်။
သို့သော်လည်း တကယ့်မြေပြင်တွင်ကြုဲနေရသည်က တပ်သားသစ်အဖြစ်အဓမ္မစုဆောင်းခံနေရသည့် လူငယ် တွေသာများပြားသည်ဟု ပြည်သူများကထောက်ပြကြသည်။
ကျောက်ဖြူမြို့ရှိ အဆိုပါလူငယ်က “အခု အပတ်စဥ် ၁ က စနေပြီဆိုပြီး သိရတယ်ပေါ့နော်။ အဲ့ထဲမှာကျတော့ ကိုယ်တိုင်ဆန္ဒပြုဝင်ရောက်သူတွေများတယ်ဆိုပြီး သူတို့ထုတ်ပြန်ပေမယ့် တကယ်တမ်းကျတော့အတင်းအဓမ္မ ဖမ်းဆီးခံရတဲ့ လူငယ်တွေများတယ်” ဟု ဆိုသည်။
စစ်မှုထမ်းဥပဒေကြောင့် လက်ရှိတွင် ပြည်တွင်းကလူငယ်အများအပြား ပြည်ပထွက်ခွာမှု ပိုမိုများပြားလာနေသည့် အတွက် သက်ဆိုင်ရာ တော်လှန်ရေးတပ်များအနေဖြင့် အလေးအနက်ထားပေးစေချင်သည်ဟုလည်း လူငယ်များ က တောင်းဆိုကြသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခံရချိန်၌ပျက်ကွက်လျှင် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရမည် ဟု စစ်ကောင်စီက ပြောဆိုထားသည်။
ပုံစာ – မွန်ပြည်နယ်တွင် စစ်မှုထမ်းရန်ဝင်ရောက်လာသူများ။