ခမရ (၃၅၅) တပ်စခန်း ပြန်လည်ရရှိရေး စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရ၊ ၂၀ ဦးသေဆုံး
**************
သံလွင်ခက်။
ဧပြီ ၂ ၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး KNU – တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသော ကရင်ပြည်နယ် မြ၀တီမြို့၊ သင်္ကန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ် ခမရ (၃၅၅) တပ်စခန်းအား ပြန်လည်ရရှိရေးအတွက် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KNLA ပူးပေါင်းတပ်များက စောင့်ကြိုပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဉီးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်သည်။
စစ်ကူလာသော စစ်ကောင်စီတပ်တပ်၏ (၉၇) တပ်ရင်း၊ (၁၀၂) တပ်ရင်း၊ (၁၁၈) တပ်ရင်း၊ (၅၄၆) တပ်ရင်း နှင့် (၃၅၆) တပ်ရင်းများမှ တပ်ဖွဲ့ဝင်များအား KNLA – ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၅ ရက်နေ့ မှ မတ်လ ၂၀ ရက်နေ့အတွင်း စောင့်ကြို ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၅) ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက MA-1 – ၃ လက် ၊ MA-2 – ၁ လက်၊ MA-3 – ၂ လက်၊ MAS – ၁ လက်၊ MA-5 – ၁ လက်၊ 38 mm – ၁ လက်၊ 60 mm (ကွန်မန်ဒို) – ၁ ပြောင်းစသည့် လက်နက်ခဲယမ်းနှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း KNLA – ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှု မရှိသော်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်မှုများကြောင့် ပြည်သူ (၁)ဦး ထိမှန်သေဆုံးကာ (၃)ဦး ဒဏ်ရာရပြီး နေအိမ်တစ်ချို့ ထိမှန် ပျက်စီးခဲ့သည်။
ထိုနောက် မတ်လ ၂၀ ရက်နေ့ မှ ၂၅ ရက်နေ့ အတွင်း ခမရ (၃၅၅) တပ်စခန်းသို့ နောက်ထပ် စစ်ကူရောက်လာသော တပ်ဖွဲ့ဝင်များအား KNLA – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထပ် စောင့်ကြိုပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး လက်နက်ခဲယမ်း တစ်ချို့ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
KNLA – ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က (၄) ဦး ဒဏ်ရာရခဲ့ပြီး (၁)ဦး ကျဆုံးခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား KNLA ပူးပေါင်းတပ်များက
စခန်းသိမ်းတိုက်ပွဲအဖြင့် သော်လည်းကောင်း၊ မြို့တွင်းတိုက်ပွဲများအဖြင့် သော်လည်းကောင်း ဖော်ဆောင် လျှက်ရှိပြီး နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်လျှက် ရှိသည်။
ပုံစာ – ခမရ(၃၅၅) တပ်စခန်းသို့ စစ်ကူလာသော စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများနှင့် မီးလောင်ပျက်စီးသွားသည့်နေအိမ်များ။
ဓာတ်ပုံ − KNU