ရခိုင်ပြည်နယ်ရှိအကျဉ်းထောင်များမှ အကျဉ်းသားများအား စစ်တွေသို့ပြောင်းရွှေ့ထား
*******
ခင်သရဖီဦး
ဧပြီ ၂၊ ၂၀၂၄။
ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များမှအကျဉ်းသားများအား စစ်တွေအကျဉ်းထောင်သို့ ပြောင်းရွှေ့ထားသည်ဟု စစ်တပ်နှင့် နီးစပ်သူများထံက သိရသည်။
စစ်တွေမြို့က ဒုရဲအုပ် အဆင့်ရှိသူ ၁ ဦးက ” အကုန်လုံးကို စစ်တွေထောင်ကို ရွှေ့ထားတယ်လို့ သိရတယ်။ လုံခြုံရေးမကောင်းလို့ ပြောင်းထားတာဖြစ်မယ်။ ကျွန်တော်တို့လည်း အတိအကျမသိပါဘူး” ဟု ဆိုသည်။
ကျောက်ဖြူ၊ သံတွဲနှင့် ဘူးသီးတောင်အကျဉ်းထောင်များက အကျဉ်းသား၊ အချုပ်သားများအား ရွှေ့ပြောင်း နေခြင်းဖြစ်သည်။
စစ်တွေသို့ အကျဉ်းသား၊ အချုပ်သားများအားစုစည်းထားခြင်းသည် စစ်တွေတွင် စစ်အင်အားတိုးမြှင့်နေ ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုကြသည်။
ဒေသခံ ၁ ဦး က “မောင်တောတို့ ဘူးသီးတောင်တို့ကို လက်လွတ်ရနိုင်ပြီလေ။ ဆိုတော့ စစ်တွေမှာတိုက်ပွဲဖြစ်ရင် စစ်အင်အားဖြည့်ဖို့တွေးပြီး စုထားတာလည်း ဖြစ်နိုင်တယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လအတွင်းက ကျောက်ဖြူနှင့်သံတွဲကအကျဉ်းသားများအား လေယာဉ်ဖြင့်ပြောင်းရွှေ့ခဲ့ပြီး ယမန်နေ့ ဧပြီ ၁ ရက်တွင် ဘူးသီးတောင်က အကျဉ်းသားများအား ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်အနေဖြင့် အကျဉ်းထောင်များက မူဆလင်အကျဉ်းသားများနှင့် အချုပ်သားများအား စစ်မြေပြင်သို့ ပို့ဆောင်ရန်ရှိသည်ဟုလည်း ဒေသခံများထံက သိရသော်လည်း သံလွင်ခက်က သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
တစ်ဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်ဖြူ၊ သံတွဲဘက်ကအကျဉ်းသားများအား ပြောင်းရွှေ့နေသည့်အတွက် စစ်ကောင်စီတပ်၏ လုံခြုံရေးအားနည်းနေမှုကို ပြသနေခြင်းဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ထောက်ပြကြသည်။
စစ်ကောင်စီတပ်အနေဖြင့် စစ်ရှုံးမည်ကိုတွက်ဆပြီး ကြိုတင်ရှောင်ရှားခြင်းဖြစ်နိုင်သည်ဟု နိုင်ငံတကာ ငြိမ်းချမ်းရေးလူငယ်အဖွဲ့က ကိုအောင်မြင့်သူ က ဆိုသည်။
၄င်းက” သူတို့က မကြာခင် ကျလာနိုင်တယ်လို့တွေးပြီးမှ ပြောင်းသွားတာ ဖြစ်နိုင်ပါတယ်။ စစ်တပ်က မနိုင်တော့တာကြောင့်ပေါ့။ ဘူးသီးတောင်နဲ့ မောင်တောကို လက်လွှတ်ရနိုင်တဲ့အခြေအနေရယ်၊ တခြား နေရာတွေလည်း ကျနိုင်တယ်တွေးပြီး ပြောင်းတာ ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
အကျဉ်းသားများအား စစ်တွေသို့ရွှေ့ပြောင်းထားခြင်းသည် စစ်တွေ၌ တပ်အင်အားတိုးချဲ့ချထားရန် အတွက်ဖြစ်နိုင်ပြီး အကျဉ်းသားများအား စစ်တိုက်ရန်စေခိုင်းနိုင်သည်ဟု နောက်ထပ်လူငယ် ၁ ဦးက ဆိုသည်။
၄င်းက “အကျဉ်းသား အချုပ်သားတွေကို ဓားစာခံအနေနဲ့ ခေါ်သွားတယ်လို့လည်း ပြောလို့ရတယ်။ အဲဒီထဲက သန်သန်မာမာတွေကို စစ်တိုက်ဖို့လည်း ခိုင်းကောင်းခိုင်းလာနိုင်တယ်” ဟု ဆိုသည်။
တစ်ဖက်တွင်လည်း အမ်း၊ စစ်တွေ၊ ဘူးသီးတောင် စသည့်တို့က တပ်မိသားစုဝင်များအား ရန်ကုန်သို့ ရွှေ့ပြောင်းမှုများလည်းရှိနေသည်ဟု ဒေသခံများထံက သိရသည်။
ရခိုင်လူငယ် ၁ ဦးက ” ထောင်ကအကျဉ်းသားတွေ အချုပ်သားတွေ တပ်မိသားစုတွေကို ရွှေ့တယ်လို့ ကျွန်တော် တို့ ကြားတယ်။ သူတို့ကိုရွှေ့တာက အဲ့နေရာတွေမှာလည်း သူတို့အနေနဲ့ဆက်နေဖို့အတွက် မလုံခြုံတဲ့ အနေ အထားဖြစ်နိုင်လို့ စဥ်းစားပြီးတော့မှရွှေ့တာ ဖြစ်နိုင်တယ်။ ရန်ကုန်ကို ရွှေ့ပြောင်းထားတယ်လို့ သိရတယ်” ဟု ဆိုသည်။
AA အနေဖြင့် ရခိုင်ပြည်နယ်တွင် တစ်မြို့ပြီးတစ်မြို့ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေပြီး လက်ရှိတွင်လည်း ကျန်ရှိနေသောမြို့များအား ဆက်လက်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေကြောင်း AA က ပြောဆိုထားသည်။
ဓာတ်ပုံ – သံလွင်ခက်။