ဆီဆိုင်ဒေသခံများ၏ နေအိမ်ရှိပစ္စည်းများ ခိုးယူခံနေရ
*******
ယမင်းဖူးပွင့်အောင်
ဧပြီ ၁၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ၏ နေအိမ်ရှိပစ္စည်းများ ဝင်ရောက်ခိုးယူခံနေရသည်ဟု ဒေသခံများထံက သိရသည်။
ဆီဆိုင်မြို့ရှိ နေအိမ်များ ပစ္စည်းများကို အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခိုးယူနေကြခြင်းဖြစ်သည်ဟု နေအိမ် ပြန်ကြည့်ခဲ့သည့် ဆီဆိုင်ဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၄င်းက “ သော့ဖျက်ပြီးခိုးကြတာ။ သူခိုးကအစုံပဲ။ အုပ်စုလိုက်လည်းရှိတယ်။ တစ်ယောက်ချင်းလည်းရှိတယ်။ ကျွန်တော့်အိမ်ဆို အိုး၊ ပန်းကန်၊ စောင် ကအစ ဘာမှမကျန်ဘူး။ အကုန်ခိုးသွားတာ။ မရှိလို့ ခိုးတာမဟုတ်ဘူး။ အခွင့်ကောင်းယူပြီး စီးပွားရေးအရ ခိုးကြတာ။ ပြီးရင် ပြန်ရောင်းစားကြတယ်” ဟု ပြောသည်။
ဆီဆိုင်မြို့သည် တစ်မြို့လုံးနီးပါး ထိခိုက်ပျက်စီးမှုများရှိနေပြီး လက်ရှိတွင် မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်ရန်လည်းမဖြစ်နိုင်သေးဟု ၎င်းကဆက်ပြောသည်။
“အရင်က PNLA ကတော့ ဖမ်းတယ်ကြားတယ်။ လောလောဆယ်တော့ခိုးနေတာပဲ။ တစ်မြို့ထဲအချင်းချင်းပြန်ခိုးတာ ပိုများတယ်။ ကျွန်တော့်အိမ်ဆို ရပ်ကွက်ထဲက ရွာထဲက အချင်းချင်းပြန်ခိုးတာ။ အိမ်ကိုဝင်ခိုးတာ မြင်တဲ့သူရှိတယ်။ ပြန်နေလို့တော့မရသေးဘူး။ ပြန်နေဖို့အိမ်လည်းမရှိတော့တာများတယ်။ တချို့က ပြာကျ၊ တချို့က ပျက်စီးကုန်ပြီ။ မြို့ထဲက တချိူ့နေရာတွေကို စစ်ကောင်စီနဲ့ PNO က နေရာဝင်ယူထားတာတော့ရှိတယ်။ PNLA လည်းရှိပါသေးတယ်”ဟု ဆီဆိုင်ဒေသခံ ၁ ဦးက ပြောသည်။
စစ်ကောင်စီထိန်းချုပ်မီဒီယာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆီဆိုင်မြို့အတွင်း ပြန်လည်ဝင်ရောက်နေသည့်ဓာတ်ပုံများနှင့်အတူ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သည်ဟု ရေးသားထားကြသည်။
စစ်ကောင်စီ၏ အဆိုပါထုတ်ပြန်ချက်သည် မှန်ကန်ခြင်းမရှိဘဲ စစ်ကောင်စီက ပြည်သူများကို လူသားဒိုင်းလုပ် ဝင်လာ၍သာ မတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA ပြောရေးဆို ခွင့်ရှိသူ ခွန်ရိန်းယံ က ဆိုသည်။
“မြို့တွင်းဟာ စစ်ဇုန်ဖြစ်နေပါတယ်။ စကစတွေ လူထုတချို့ကို လူသားဒိုင်းလုပ်ပြီး ဓာတ်ပုံ၀င်ရိုက်တာ ကျွန်တော်တို့အတိုင်းသားတွေ့ရပါတယ်။ လူထုကို လူသားဒိုင်းလုပ်ထားလို့ ကျွန်တော်တို့တိုက်ခိုက်မှု မပြုလုပ်တာဖြစ်ပါတယ်” ဟုပြောသည်။
ဝင်ရောက်ခိုးယူသူများကို PNLA က ဥပဒေအတိုင်းအရေးယူလျက်ရှိပြီး ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ခွန်ရိန်းယံက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆီဆိုင်မြို့ထဲပြန်ဝင်နေသည့် ရက်ပိုင်းအတွင်း၌ပင် မြို့တွင်းခိုးယူမှုများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု နောက်ထပ် ဆီဆိုင်မြို့ခံ ၁ ဦးက ဆိုသည်။
၄င်းက “အရပ်သားတွေတော့ မခိုးဘူးထင်တယ်။ လက်နက်ကိုင်တွေပဲ ဝင်လို့ရတာဆိုတော့ စဉ်းစားစရာပေါ့နော်။ ၁၉ ရက်နေ့က တာဝန်ရှိသူတွေဝင်တယ်။ ခုရက်ပိုင်းလည်း ပြည်သူတွေဝင်ပြန်တယ်။ ပြန်နေတာတော့မဟုတ်ဘူး။ သူတို့အိမ်ကပစ္စည်းလာပြန်သယ်ကြတာ” ဟု ပြောသည်။
လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့ကို အချို့ပြည်သူများအရဲစွန့်ကာ ဝင်ရောက်ရန်ကြိုးစားနေပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က ပစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိရာ ပြည်သူအချို့ထိခိုက်သေဆုံးခဲ့သလို အဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးနေသူများလည်းရှိသည်ဟု PNLA က မတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထား သည်။
ထို့ကြောင့်လည်း မိဘပြည်သူများအနေဖြင့် PNLA ၏ တရားဝင်သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့်ကြ ရန်နှင့် တရားဝင်အသိပေးထုတ်ပြန်ခြင်းမရှိဘဲ မြို့တွင်းသို့ အရဲစွန့်ဝင်ရောက်ခြင်းများ မပြုလုပ်ကြရန် PNLA က အသိပေးထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်ကစ၍ ဆီဆိုင်မြို့အပါအဝင် ပအိုဝ်းဒေသများတွင် စစ်ကောင်စီနှင့် PNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်လျက်ရှိသည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ – ဆီဆိုင်မြို့အတွင်းရှိ ပျက်စီးနေသည့်နေအိမ်များမြင်ကွင်း။