စစ်ရှောင်များနေထိုင်သည့် ဖာပွန်မြို့ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင် ၈ ဉီးသေဆုံး
*****
နန်းဆုပန်ခန့်
ဧပြီ ၁၊ ၂၀၂၄။
စစ်ရှောင်များနေထိုင်သည့် ကရင်ပြည်နယ် ဖာပွန်မြို့အတွင်းရှိ ရွှေကျောင်းဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ်က တိုက်ခိုက်ခဲ့သည့်အတွက် စစ်ရှောင် ၈ ဦးသေဆုံးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ မတ်လ ၃၁ ရက် မွန်းလွဲ ၁ နာရီကျော်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဖာပွန်မြို့အတွင်းသို့ ဗုံးသီး ၁၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းရင်းမြစ် ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ ၃၀ ရက်နဲ့ ၃၁ ရက် လေယာဉ်ကြီးနဲ့လာကြဲတယ်။ ၃၁ ရက်နေ့မှာ ဖာပွန်မြို့က ရွှေကျောင်းဘုန်းကြီး ကျောင်းကို လေယာဉ်နဲ့လာကြဲလို့ ထိတာ။ အဲ့ဒီမှာက စစ်ရှောင်တွေနေတာ။ ပြည်သူ ၈ ဦးလောက် သေသွားတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်။ အတိအကျတော့ မသိရသေးဘူး ” ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက်ကစတင်၍ ဖာပွန်၏ တောင်ဘက်ခြမ်းတွင်ရှိသည့် မယ်တရိုး၊ ဝေမှုံ၊ တံခွန်တိုင် စသည့်စစ်ကောင်စီတပ်စခန်းများသို့ ဆက်သွယ်ရေးလုပ် ဆောင်နေသည့် ထောက်ပို့လမ်းကြောင်း အားလုံးကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ ၅ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။
ထို့နောက် မတ်လ ၃၀ ရက်တွင် ကရင်အမျိုးသားအစည်း အရုံး – KNU ထိန်းချုပ်နယ်မြေ ၊ တပ်မဟာ ၅၊ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်၏ ခလရ ၁၉ နှင့် ခြေမြန်တပ်ရင်း ခမရ ၆၄၂ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် – KNLA အမှတ် ၅ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။
စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲခြင်းများပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ဖာပွန်မြို့က ဒေသခံများသည် ဘုန်းကြီးကျောင်းများနှင့် သံလွင်မြစ်ကမ်း နယ်စပ်ဘက်ရှိ အီတူးထာရွာများတွင် ထွက်ပြေးတိမ်းရှောင်နေရသည်။
ယခုလက်ရှိအချိန်တွင် ဖာပွန်မြို့ကို KNLA က ထိန်းချုပ်ထားပြီးနောက် ရပ်ကွက် ၁ မှ အနောက်ဖက်ကမ်းဖြတ်ကူးသည့် တံတားပေါ်တွင် ကရင်အမျိုးသားအလံတော် လွှင့်ထူနိုင်ထားပြီဟု ဒေသခံများထံက သိရသည်။
ဖာပွန်မြို့တွင် ရပ်ကွက် ၄ ခုရှိပြီး လူဦးရေ ၃,၃၀၀ ကျော်ရှိသည်ဟု ၂၀၁၄ သန်းခေါင်စာရင်းအရ သိရသည်။