စောဘဦးကြီးသတ်ဖြတ်မှု၊ 7 July နှင့် တံတားနီအရေးအခင်းမှာပစ်မိန့်ပေးခဲ့သူ
***********************
ဘုန်းမောင်
မတ် ၁၆၊ ၂၀၂၄။
လူတို့သည် မိမိတို့နိစ္စဓူဝကြုံတွေ့နေရသော ကာလတရားကိုဖြတ်သန်းရင်း အနာဂတ်ဆီ တရွေ့ရွေ့သွားနေကြ သည်ဆိုသော်ငြား အတိတ်ကကြုံခဲ့ရသည့်နေ့ရက်များကိုလည်း လူ့သဘာဝအရ ပြန်ပြောင်းအမှတ်ရလေ့ရှိတတ် ကြပါသည်။ ထိုသို့ ပြန်လည်အမှတ်ရနေခြင်းများတွင် ကောင်းသည်ရော ဆိုးသည်များမှာ ပါဝင်နေလေ့ရှိသည်က လည်း ငြင်းမရသောအမှန်တရားပင်ဖြစ်၏။ ထို့ကြောင့် လူတို့၏တချို့သောအတိတ်များက သာယာစရာများ ဖြစ်နေ တတ်သလို တချို့သောအတိတ်များသည်လည်း နာကျင်စရာများဖြစ်နေတတ်ပါသည်။ ယင်းအနက်တွင်မှ တသီး ပုဂ္ဂလအတိတ်ကြောင့်ဖြစ်ပေါ်လာရသော ဝေဒနာများရှိသလို တသီးပုဂ္ဂလမဟုတ်သည့် အများနှင့်သက်ဆိုင်သည့် ဝေဒနာများလည်း တည်ရှိနေတတ်ပြန်ပါသေးသည်။
ယခုမှတော့ တသီးပုဂ္ဂလအတိတ်အကြောင်းများတွေးပြီး မိမိဘဝအပေါ်ထူးပြီး၍ သာယာ၊ နာကျင်မနေချင်တော့ ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ရင်ဆိုင်နေရသောမျက်မှောက်ကာလသည် တသီးပုဂ္ဂလအတိတ်ထက် ပို၍နာကျင်စရာများ၊ တသီးပုဂ္ဂလနိစ္စဓူဝဘဝထက် ပို၍နာကျင်စရာများဖြင့် ပြည့်နှက်နေသောကြောင့်ဖြစ်ပေသည်။
၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်တွင်ဖြစ်ပွားခဲ့သော တံတားနီအကြောင်းပြန်ပြောင်းသတိရမိတော့ ထိုကာလသည် ကျွန်တော်လက်လှမ်းမီခဲ့သောကာလများမဟုတ်ခဲ့ပါ။ ထို့ကြောင့်လည်း ထိုကာလကအဖြစ်အပျက်များအကြောင်း ကျွန်တော့်အနေဖြင့် အများကြီးမပြောနိုင်တော့ပါ။ သို့သော် ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသောအဖြစ်အပျက်များ မဟုတ်ခဲ့သော်လည်း သက်ဆိုင်ရာစာအုပ်စာတမ်းများ၊ မှတ်တမ်းမှတ်ရာများကိုကိုးကားပြီး ယခုအရေးအသားဖြစ် မြောက်ရန် ကျွန်တော် အားထုတ်ကြည့်နေမိပါသည်။ အဘယ့်ကြောင့်ဆိုသော် တံတားနီနေ့သည့် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုသမိုင်း၊ မြန်မာ့သမိုင်းတွင် အထင်ကရဖြစ်ရပ်ဆိုးတစ်ခုအနေဖြင့် ကျန်နေရစ်ခဲ့သောကြောင့် ယင်းအဖြစ် အပျက်နှင့် ယင်းအဖြစ်အပျက်အတွင်းပါဝင်ခဲ့သူများအကြောင်းကို ပြန်လည်ဖော်ထုတ်ရန်၊ ပြန်လည်လက်ဆင့် ကမ်းရန် ကျွန်တော်တို့တွင် တာဝန်ရှိပါသည်။ သမိုင်းတစ်ကွေ့၌သွေးစွန်းခဲ့ရသော ယခုလိုနေ့ရက်များကို နောင် လာမည့်မျိုးဆက်ပေါင်းများစွာကလည်း မမေ့မလျော့ မြဲမြံသောသတိသမ္ပဇဥ်ဖြင့် အမှတ်ရနေကြလိမ့်မည်ဟု ထိုအတိုင်းပင် ကျွန်တော်ယူဆခဲ့ပါသည်။
ဘယ်ကစရမည်လဲဆိုပြန်တော့ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ကာလများက ပြန်လည်စတင်ရလိမ့်မည်ဟု ယူဆမိပါသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိတိုင်းရင်းသားများသည် ၎င်းတို့အပေါ် ဗဟိုအစိုးရက ခွဲခြားဆက်ဆံ သည်။ မိမိတို့ရပိုင်ခွင့်ရှိသော တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝမရရှိဟုယူဆသောကြောင့် လက်နက် ကိုင်တော်လှန်ပုန်ကန်ခြင်းလမ်းစဥ်ကိုရွေးချယ်ခဲ့ကြပါသည်။
၁၉၅၈ ခုနှစ် အောက်တိုဘာလအရောက်မှာတော့ မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေက အလွန်ဆိုးရွားလာခဲ့သဖြင့် ဝန်ကြီးချုပ် ဦးနု က ဦးနေဝင်းအား တိုင်းပြည်ကိုခေတ္တအုပ်ချုပ်စေခဲ့ပါသည်။ သို့ဖြစ်ပါသောကြောင့်လည်း ဗိုလ်ချုပ် နေဝင်း က အိမ်စောင့်အစိုးရကိုဖွဲ့စည်း၍ မာရှယ်လော ခေါ် စစ်အုပ်ချုပ်ရေးကိုကြေညာကာ စတင်အုပ်ချုပ်ခဲ့ပါ တော့သည်။ ဗိုလ်ချုပ် နေဝင်း ၏ အိမ်စောင့်အစိုးရသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် နိုင်ငံရေးသမားမဟုတ်သူများ အား အစိုးရအဖွဲ့အဖြစ် ပထမဆုံးသောပွဲထုတ်ခဲ့မှုလည်းဖြစ်သည်။
ဗိုလ်ချုပ်နေဝင်း က တိုင်းပြည်ကိုစစ်အုပ်ချုပ်ရေးကြေညာပြီးအုပ်ချုပ်နေခဲ့ချိန်ကာလများတွင် တဇောက်ကန်း စိန်လွင် သည် ရန်ကုန်မြို့၏ သားသတ်သမားအဖြစ်နာမည်မကြီးသေးဘဲ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ဒုတိယတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ပါသည်။
စောဘဦးကြီးနှင့် ဗိုလ်စိန်လွင်
***********
ကရင်အမျိုးသားအစည်းအရုံး၏ ပထမဆုံးဥက္ကဋ္ဌလည်းဖြစ် ကရင်တော်လှန်ရေးဖခင်ကြီးအဖြစ်လည်း ထင်ရှားခဲ့ သော စောဘဦးကြီး သည် ၁၉၅၀ ခုနှစ် ဩဂုတ်လ ၁၂ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။ စောဘဦးကြီး သည် မြန်မာစစ် တပ်၏ အလစ်ငိုက်တိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့သည်ဆိုသော်ငြား လုံးချင်းအဖြစ်ထုတ်ဝေခဲ့သော ကြေးမုံ ဦးသောင်း ၏ ဘီလူးတို့ရွာတွင်မူ ယခုကဲ့သို့ဖော်ပြထားပါသည်။
မိုးသည်းထန်လွန်းသဖြင့် မှောင်ကြီးကျနေသော နေ့တနေ့တွင် ဖြစ်ခဲ့ပါသည်။ တိတိကျကျ ၁၉၅၀ ခု၊ သြဂုတ်လ ၁၄ ရက်နေ့ကို မမေ့နိုင်ပါ။ ထိုစဉ်က တင်မောင်မှာ အသက် (၂၄) နှစ်ရှိ သတင်းထောက်တဦးသာ ဖြစ်သည်။ လွန်ခဲ့သော (၂) နှစ်က စတင်တောက်လောင်လာခဲ့သော ပြည်တွင်းစစ်မီးသတင်းကို ထောက်လှမ်းနေသူဖြစ်၏။ ထိုနေ့နံနက်က ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထောက်များကိုဖိတ်ခေါ်ပြီး သတင်းထူးတပုဒ်ကို ထုတ်ပြန်လေသည်။ ကရင်အမျိုးသားသမဂ္ဂခေါင်းဆောင်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဗိုလ်ချူပ်ကြီး စောဘဦးကြီးသည် တိုက်ပွဲတခုတွင် ကျဆုံးပြီဟုကြေညာခဲ့သည်။
ဘိလပ်ပြန်ဝတ်လုံတော်ရ စောဘဦးကြီးသည် ထင်ရှားသော မြန်မာ့နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သည်။ ဂျပန် ခေတ်ကပင် နိုင်ငံရေးလောကတွင်ရှိနေပြီး ကရင် – မြန်မာသွေးစည်းရေးကိုဆောင်ရွက်ခဲ့၏။ အင်္ဂလိပ်ပြန်ဝင်လာ သောအခါ ဘုရင်ခံ၏အတိုင်ပင်ခံအစိုးရအဖွဲ့ဝန်ကြီးဖြစ်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးပေးအံ့ဆဲအခါတွင်မူ ကရင် ပြည်နယ်သီးခြားရရှိရေးအတွက် အင်္ဂလန်သို့သွားကာအရေးဆိုခဲ့သည်။ အင်္ဂလိပ်တို့က လိုက်လျောခြင်းမပြုသဖြင့် ဦးအောင်ဆန်း၊ ဦးနု တို့နှင့်စေ့စပ်ဆွေးနွေးကာ ကရင်လူမျိုးစုပြည်နယ်ရရှိရေးကို အားထုတ်ခဲ့သည်။
ကရင်အမျိုးသားအဖွဲ့ချုပ်ကိုဦးဆောင်ကာ ကရင်အမျိုးသားတို့၏ အခွင့်အရေးကိုတွေ့ဆုံဆွေးနွေးပြီး အရေးဆိုနေ ရာက မပြေလည်သောကြောင့် လက်နက်စွဲကိုင်ခြားနားခဲ့သူ ဖြစ်သည်။ ယခု ရန်ကုန်မှ မိုင် (၇၀) ဝေးသော မော်လ မြိုင်မြို့အနီးတွင် အသေမိသည်ဟု ဆို၏။ ကျဆုံးသော သူပုန်ခေါင်းဆောင်ကြီး၏ သတင်းကိုရေးသားကြရန် သတင်းထောက် (၁၀) ဦးစုကာ မော်လမြိုင်သို့ဖိတ်ခေါ်ရာတွင် သတင်းဓာတ်ပုံရိုက်ကူးရန် တင်မောင် လိုက်ပါခွင့် ရရှိလေသည်။ လေယာဉ်ပေါ်တွင် စစ်ဗိုလ်များက သတင်းကို ဆက်လက်ရှင်းပြောကြသည်။ ကရင်ခေါင်းဆောင် ကြီးနှင့်အတူ အင်္ဂလိပ်ဗိုလ်မှူးဟောင်းတဦးပါ အသေမိသည်ဟု ပြောပြသည်။
သတင်းထောက်များက စိစစ် မေးမြန်းကြသောအခါတွင် သူပုန်ကြီးနှင့် အဖော်တို့ကို အရှင်မိခဲ့သည်။ သူတို့က လက်နက်ချကြပါလျက် ပစ်ခတ်သတ်ဖြတ်ကြသည်ဟု သိကြရပါသည်။ “အနီးဆုံးစစ်တပ်စခန်းကိုပို့ရန် စီစဉ်တော့ သူတို့က ပြေးကြတာကိုး၊ သူတို့အသက်ကို ကယ်ခွင့်မရတော့ဘူး”ဟု ပြောသည်။ သတင်းထောက်များအဖို့ အမှန်ကို ရေးခွင့်မရှိပါ။ အစိုးရထုတ်ပြန်သည့်အတိုင်း အသေမိသည်ဟု ရေးကြရပေမည်။ (မူရင်းသတ်ပုံအတိုင်း)
ကြေးမုံဦးသောင်း ၏ ဖော်ပြချက်အရဆိုလျှင်တော့ စောဘဦးကြီး သည် လက်နက်ချခဲ့ပါလျက် ထွက်ပြေးသည်ဆို သောအကြောင်းပြချက်ဖြင့် မြန်မာစစ်တပ်၏ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ခံခဲ့ရသူဖြစ်သည်။ လူအများစုနားလည်ထား ကြသလို မဟုတ်ပါ။ တကယ်တော့ စောဘဦးကြီး ရယ်မှမဟုတ်။ မြန်မာ့သမိုင်းတလျှောက် တကယ့်ဖြစ်ရပ်များနှင့် အများစုနားလည်ထားကြသောဖြစ်ရပ်များကြား ကွဲပြားခြားနားမှုများစွာ ရှိနေခဲ့ပါသည်။ ယင်းသို့ အသိလွဲမှား အောင်လည်း မြန်မာအစိုးရအဆက်ဆက်က ဖန်တီးခဲ့ကြပါသည်။ ပညာရေးစနစ်ဖြင့် သတ်ဖြတ်ခြင်းခံနေရသော လူသားများထဲ မြန်မာနိုင်ငံမှာလူဖြစ်ပြီး မြန်မာ့ပညာရေးစနစ်ဖြင့်ကြီးပြင်းခဲ့သော ကျွန်တော်တို့လို့လူသားများ ပါ ဝင်ခဲ့ပါသည်။
စောဘဦးကြီး အား သတ်ဖြတ်နိုင်ခဲ့ခြင်းက ဗိုလ်စိန်လွင်အတွက် အောင်ပွဲတစ်ခုဖြစ်ခဲ့ပြီး ယင်းသည်ပင် သားသတ် သမားစိန်လွင်ဖြစ်လာစေမည့်လမ်းပေါ် စတင်လျှောက်လှမ်းခဲ့မိခြင်းလည်းဖြစ်ပါလိမ့်မည်။ စောဘဦးကြီး ကို သတ် ဖြတ်မှုကြောင့် ချက်ချင်းရာထူးတက်လာသော ဗိုလ်စိန်လွင် ၏ သရုပ်သကန်ပေါ်လွင်အောင် ဘီလူးတို့ရွာတွင် ယခုကဲ့သို့ပင် ဆက်လက်ရေးသားထားပါသည်။
သတင်းထောက်အဖွဲ့ လေဆိပ်ရောက်သောအခါ မော်လမြိုင်ဆေးရုံသို့ခေါ်သွားသည်။ အလောင်းမှာ ရောက်ခါစ ရှိသေး၏။ ကျဆုံးသူ ခေါင်းဆောင်ကြီးကို ရင်ခွဲစင်ပေါ်တင်ထားသည်။ သူ၏ အဝတ်များမှာ သွေးများ၊ ရွံ့များနှင့် ပေရေနေသဖြင့် မူလအရောင်ကိုပင် မသိနိုင်ပါ။ ရေလွှမ်းသောလယ်များမှ ရေပြင်ကျယ်ထဲတွင် ကြိုးနှင့် ဆွဲကာယူလာကြသည်။ ရွာကြီးတရွာရောက်မှသာ လှည်းနှင့်တဆင့် သယ်ခဲ့နိုင်ကြသည်။ ရုပ်ကလာပ်မှာ လွန် ခဲ့သော (၂) ရက်တာက သေလွန်သဖြင့် ဖူးယောင်နေလေပြီ။ ပုပ်ဟောင် နေလေပြီ။ အမင်္ဂလာရှုခင်းပင်။
ဘုရင်ခံ၏ အတိုင်ပင်ခံ အစိုးရအဖွဲ့တွင် ဝန်ကြီးတဦးဖြစ်ခဲ့သူ စောဘဦးကြီး သည် ကရင် – ဗမာ ညီညွတ်ရေး ဆွေးနွေးပွဲများကို ဇွဲကြီးစွာ လုပ်ဆောင်ခဲ့စဉ်က သတင်းထောက်များနှင့် များစွာရင်းနှီးခဲ့သည်။ အရပ်မြင့်မြင့်၊ မုတ်ဆိတ်ထူထူ၊ နံ့သာရောင်ဥရောပဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်လေ့ရှိသော သူ့ကိုယ်ဟန်ကို တင်မောင် ဓာတ်ပုံအများ ရိုက်ခဲ့ဖူးပါသည်။ သူသည် ခန့်ညားသူတဦးဖြစ်သဖြင့် ဝန်ကြီးချုပ်ဦးနုနှင့်တွဲကာ ဓာတ်ပုံရိုက်ရာတွင် ကျက်သရေ ရှိသည်။ ယခုမူ ယိုယွင်းနေသော စောဘဦးကြီး၏ ခန္ဓာကိုယ်ကို တင်မောင်မရှုရက်ပါ။ ဓာတ်ပုံပင် ကောင်းစွာမရိုက်နိုင်ပါ။
ကျဆုံးလေသူကို ပြပြီးနောက် အောင်နိုင်သူကို ဓာတ်ပုံရိုက်ကြရန် ပွဲထုတ်ခဲ့လေသည်။ ချက်ချင်း ရာထူး တက်လာသူ ဗိုလ်ကြီးစိန်လွင် ကို သူ၏လက်ထဲတွင် အရက်ဖန်ခွက်တခုနှင့် တွေ့ရသည်။ (အောင်ပွဲတော် ကြီးအတွက် အားလုံးတို့ကို ယမကာချောင်းစီးအောင် ဧည့်ခံထား၏)
သူသည် လူငယ်တဦးသာဖြစ်စေကာမူ ရင့်ရော်စပြုနေလေပြီ။ တင်မောင် ထက် အသက်အနည်းငယ် ကြီးဟန်တူသည်။ (နှစ်နှစ်ကြီးသည်) သူ့ကိုယ်လုံးကိုယ်ထည်ကမူ ပိုမိုမြင့်မားပြီး သန်မာညိုမောင်းသည်။ အောင်နိုင် သူ၏ ဝတ်စုံမှာလည်း ရှုံးနိမ့်သူနှင့် မခြားနားပါ။ ညစ်ပတ်ပေရေနေသည်။ သွေးများ၊ ရွံ့များ ဖုံးနေပါသည်။ သစ်လွင် တောက်ပသော ရွှေကြယ်နှစ်ပွင့်တို့ကသာ ပုခုံးပေါ်တွင် ပြောင်လက်နေကြသည်။ သူ၏ မျက်နှာမှာမူ ညစ်ပေနေ သည်။ ခိုင်မာသော မေးရိုး၊ ထူထဲသော မျက်ခုံးတို့က မာန်ဟုန်ပြင်းလှသည်။ သူ၏ မျက်လုံးတို့က ရက်စက်ခြင်း၊ သနားကြင်နာမှု ကင်းမဲ့ခြင်းတို့ကို ထင်ရှားစွာ ပြသနေ၏။
တင်မောင်က Speed Graphic ကင်မရာကြီးကိုသုံး၍ ဓာတ်ပုံရိုက်သောအခါ ခွန်အားကြီးမားသော ကင်မရာမှန် ပြောင်းမှတဆင့် သူ၏မျက်နှာကို အနီးကပ်ကြည့်ခွင့်ရရှိသည်။ ကြာမြင့်စွာ ကြည့်မိသည်။ ယင်းသို့ အသေးစိတ် ကြည့်မိသောအခါတွင် တင်မောင်၏ နှလုံးသားက သိလိုက်ပါသည်။ သူသည် သာမန်လူသားမဟုတ်၊ စက်ဆုပ်ရွံ့ရှာ ကြောက်မက်ဖွယ် သတ္တဝါကြီးတဦး ဖြစ်နေသည်ကို ရင်လေးစွာ မြင်သိလိုက်ပါသည်။
ရက်၊ လ၊ နှစ်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပါသည်။
ကြောက်မက်ဖွယ်ကောင်းသော ဗိုလ်ကြီးစိန်လွင် အဖို့ သူ၏ ပုခုံးပေါ်တွင် ကြယ်ပွင့်များ၊ တပွင့်ပြီးတပွင့် တိုးနေ သည်ဟု သတင်းများ ကြားရလေသည်။ (မူရင်းသတ်ပုံအတိုင်း)
စောဘဦးကြီး ကျဆုံးကြောင်းသတင်းကို ကြားသိရသောအခါ ဘုရင်ခံဟောင်း ဆာ ဒေါ်မန်စမစ် က လန်ဒန်တိုင်းမ် သတင်းစာအယ်ဒီတာထံသို့ ပေးစာတစ်စောင်ရေးခဲ့သည်ဟု သိရပါသည်။ ယင်းပေးစာတွင် ဘုရင်ခံဟောင်းက စော ဘဦးကြီးသည် အကြမ်းဖက်သမားမဟုတ်ပေ။ အခက်အခဲ ဆင်းရဲဒုက္ခအမျိုးမျိုးတို့ကို ပျော်မွေ့စွာ ဆက်လက်ကာ တော်လှန်ပုန်ကန်နေဦးမည့်သူဟု ကျွန်ုပ်မမြင်မိပေ။ ဆက်လက်တိုက်ခိုက်နေသည့်နောက်ပိုင်းတွင် နက်နဲသော အချက်များ ရှိနေပေမည်။ အဓိကဝမ်းနည်းဖွယ်ရာမှာ မြန်မာနိုင်ငံအဖို့ အစွမ်းအစရှိသောခေါင်းဆောင်များ (အောင် ဆန်း၊ ဦးစော၊ စောဘဦးကြီး၊ ဦးတင်ထွဋ်) လျင်မြန်စွာဆုံးရှုံးနေခြင်းဖြစ်၏ ဟု ဖော်ပြထားကြောင်း ကြေးမုံဦး သောင်း ၏ ဘီလူးတို့ရွာ လုံးချင်းစာအုပ် စာမျက်နှာ ၁၇ ဖော်ပြချက်အရ သိရပါသည်။
ဘုရင်ခံဟောင်း ဆာ ဒေါ်မန်စမစ် ၏ အဆိုပါပေးစာပါအရေးအသားများမှာ လက်ရှိအချိန်ထိလည်း မှန်ကန်နေပါ သေးသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်နှင့် ရပြီးနောက်ပိုင်းကာလများကနေ မျက် မှောက်ခေတ်အချိန်ထိလည်း တန်ဖိုးရှိသောလူငယ်များ စစ်တပ်နှင့် အစိုးရအဆက်ဆက်တို့၏ ဖိနှိပ်မှုများကြောင့် အသက်သေဆုံးနေရခြင်းများကြောင့်ဖြစ်ပေသည်။
စောဘဦးကြီးအားသတ်ဖြတ်ခဲ့သည့် တဇောက်ကန်းစိန်လွင် သို့မဟုတ် ရန်ကုန်မြို့က သားသတ်သမားအဖြစ် နာမည်ကြီးလာမည့် ဗိုလ်ချုပ်စိန်လွင် ကို စောဘဦးကြီးအားသတ်ဖြတ်ပြီးနောက် ၂ ရက်အကြာ ၁၉၅၀ ခု၊ သြဂုတ် လ ၁၄ ရက်တွင် တင်မောင်နှင့် ဗိုလ်စိန်လွင်တို့ ပထမအကြိမ်တွေ့ဆုံခဲ့ကြပါသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သောမြန်မာစစ်တပ်က နိုင်ငံတော်အာဏာကို ပထမ ဆုံးအကြိမ်းအဖြစ် သိမ်းယူခဲ့ပါသည်။ အာဏာသိမ်းပြီးသိပ်မကြာခင်မှာဘဲ မြန်မာ့တော်လှန်ရေးသမိုင်းတလျှောက် 7 July ဟု ကျော်ကြားလာမည့်အရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့ပါသည်။ ထိုအချိန်တွင်လည်း တင်မောင် သည် သူ ၂၄ နှစ်သားအရွယ်ကတစ်ကြိမ်ဆုံခဲ့ဖူးသည့် ဗိုလ်စိန်လွင်နှင့် ဒုတိယအကြိမ်အဖြစ် ပြန်လည်ဆုံတွေ့ခဲ့ရပါတော့ သည်။
၁၉၆၂ ခု၊ ဇူလိုင်လ (၇) ရက်နေ့က ဖြစ်ခဲ့ပါသည်။ မိုးရာသီဖြစ်ပါလျက်နှင့် ထူးထူးခြားခြား မိုးမရွာဘဲ တောက်ပ နေသော နေမင်းက ထွန်းလင်းနေပါသည်။
ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများဆန္ဒပြသောသတင်းကိုထောက်လှမ်းရန်အတွက် မိတ်ဆွေ သတင်း ထောက် (၄) ဦး နှင့်အတူ ကားမောင်းပြီး သွားခဲ့မိသည်။
လွန်ခဲ့သော မတ်လ (၂) ရက်နေ့က အာဏာသိမ်းထားသော တော်လှန်ရေးအစိုးရကို ပထမဆုံးဖီဆန်ကြသည့် အရေးအခင်း ဖစ်သည်။ ကျောင်းသားသမဂ္ဂကဦးစီးပြီး ပြည်သူတို့ကို ဒီမိုကရေစီအခွင့်အရေးများ ပေးရမည်ဟု တောင်းဆိုဆန္ဒပြ နေခဲ့သည်မှာ (၃) ရက် ရှိခဲ့လေပြီ။
ဒုတိယမြောက်နေ့က ဆန္ဒပြပွဲတွင် ရဲတို့၏လက်ချက်နှင့် ကျောင်းသားတယောက် သေနတ်ဒဏ်ရာရရှိခဲ့၏။
တင်မောင်တို့ ရောက်သွားသောအခါတွင် ကျောင်းသားများက ဆူပူအော်ဟစ်နေပါသည်။ သို့သော် စီတန်းလှည့် လည်မှု မပြုကြပါ။ သူတို့က တက္ကသိုလ်ပရဝဏ်ကို ပတ်ဆို့ထားပြီး “ဒီမိုကရေစီ ခံတပ်ကြီး”ဟု ဆိုင်းဘုတ်ကြီး တင်ထား၏။ ကျောင်းဝင်း အတွင်း၌သာ စုရုံးနေကြပြီး အုတ်တံတိုင်းမှ သံပန်းများကို ဆုပ်ကိုင်ကာ ကြွေးကြော်သံ အမျိုးမျိုး ဟစ်အော်နေကြသည်။
ဓာတ်ပုံ သတင်းထောက် (၂) ဦးက ဓာတ်ပုံ ရိုက်ကြသောအခါ တင်မောင်တို့ သတင်းထောက် တစုကို မဟာမိတ်များ အဖြစ် သူတို့က ကောင်းချီးပေးကြသည်။ ကျောင်းဝင်းတခိုတွင် ယမန်နေ့ကမှစတင်ကာ အစောင့်ချထားသော ရဲတပ်ကိုရုပ်သိမ်းထားသဖြင့် အခမ်းအနားမှာ ဆန္ဒပြပွဲနှင့်မတူဘဲ ပွဲတော်ကြီးတခုကဲ့သို့ ရယ်ကြ၊ မောကြ၊ အော်ဟစ်ကြနှင့် ဆူညံနေ၏။
ထိုအချိန်ကလေးတွင် ဂျစ်ကားလေးစီးက ရှေ့မှ နောက်မှစောင့်လာသော ဖီးယက် ကားနက်ကလေး တစင်း ဖြတ်မောင်းသွားပါသည်။ ကားထဲ၌ ပါသွားသူမှာ ဒု – ဗိုလ်မှူးကြီး စိန်လွင် ဖြစ်သည်။ ကျောင်းသားများက သူ့ကို ကောင်းစွာ မှတ်မိကြသည်။ ပညာ အရည်အချင်းကိုလည်း သိကြသည်။ “ဗိုလ်မှူးတွေက (၃)ယောက်ပေါင်း မှ (၇)တန်းပဲ အောင်ကြတာဟေ့” ကျောင်းသား တဦးက အသံချဲ့စက်မှ အော်လိုက်ရာ ဝုန်းကနဲ ပွဲကျသွားပြီး ရယ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
မှတ်မှတ်ထင်ထင် ထိုအခိုက်အတန့်မှာပင် တင်မောင်က မှန်ကားကို လှမ်းကြည့် မိလေသဖြင့် သူ၏ မျက်လုံးကြီးများကို မြင်လိုက် ရပြန်ပါသည်။ ကြောက်မက်ဖွယ်ရာ အရောင်များ ပြောင်လက်နေပါသည်။ သူတို့သည် ကားကို အမြန် မောင်းထွက်သွားကြ၏။
တင်မောင်၏ မျက်စိထဲတွင် ၁၉၅၀ ခုနှစ်က စောဘဦးကြီး စတေးပွဲတွင် မြင်ခဲ့ရသော မျက်လုံးအရောင်ကို မြင်ရပြန်ပါသည်။ အခြေအနေမှာ ဟန်ပုံမရပါ။ ဗမာ့တပ်မတော်တွင် အာဏာသိမ်းပွဲ မစမီ မကြာသေးမီက ဂျာမနီက ဝယ်ယူ တင်သွင်းလာခဲ့သော ဂျီ (၃) သေနတ် အသစ်များကို ကိုင်ဆောင်ထားသည့် စစ်သားများ ချီလာပါပြီ။ တင်မောင်၏ ခေါင်းပူလာပါသည်။ ချွေးပြန်လာပါသည်။ အကင်းပါးရသည့် တင်မောင်တို့ လူစုသည် အလျင်အမြန် ဘေးကင်းရာသို့ မောင်းပြေးနိုင်ကြပါသည်။ ကျောင်းဝင်းတံခါးကြီးကို ပိတ်ထားသဖြင့် ကျောင်းသားများမှာ မပြေးနိုင်ကြရှာပါ။ စစ်သားများက ကျောင်းဝင်း အတွင်းတွင် ရှိနေသော ကျောင်းသားများကို ပစ်ကြ ပါတော့သည်။ ဆက်တိုက် ပစ်ကြပါသည်။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပစ်ခတ်ကြပါသည်။ အဆောင် ဘေးတွင် ဆူပူ နေသူများကို သာမက အဆောင်များပေါ်မှ ကြည့်နေသော ကျောင်းသားများ၊ ၀ရန်တာတွင် ထိုင်ကာ စာဖတ်နေသော ကျောင်းသားများ၊ မျက်နှာသစ်၊ သွားတိုက်နေသော ကျောင်းသားများပါ အားလုံးတို့ကို စိတ်တိုင်းကျ လက်တည့်စမ်း ကြပါသည်။
ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းမည့် စစ်ဆင်ရေး အတွက် နိုင်ငံခြားမှ အထူး ဝယ်ယူခဲ့သော ဂျီ (၃) သေနတ်များသည် အစွမ်းထက် လှပါပေသည်။ လေးထပ် အဆောင်ပေါ်မှ သွားတိုက်နေသော ကျောင်းသားပင် သွားပွတ်တံ ပါးစပ်ကိုက်လျှက် ဇောက်ထိုး ကျလာရှာသည်။ အစိုးရက တရားဝင် ကြေညာရာတွင် ကျောင်းသား (၁၅) ဦး သေပြီး၊ (၂၇) ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ ကျောင်းသား (၁၀၀) ကျော် သေခဲ့ရသည်ကို တင်မောင်တို့ သိကြပါသည်။
ဗိုလ်ချုပ် စိန်လွင် သည် ၎င်း၏လက်မရွံ့လူသတ်ပွဲများကို ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်စဥ်ကာလများတလျှောက် ကျူး လွန်ခဲ့ပါသည်။ စောဘဦးကြီး၊ 7 July စသည့်အအရေးအခင်းများကိုဖန်တီးခဲ့ရုံနှင့် ဗိုလ်ချုပ်စိန်လွင်က ရပ်တန့် မသွားခဲ့သေးပါ။ ဒီကနေ့တွင်ကျရောက်သည့် ၃၆ နှစ်ပြည့် တံတားနီအရေးအခင်းကိုလည်း ဖန်တီးခဲ့သည်သာဖြစ်၏။
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်တွင် ရန်ကုန်စက်မှုတက္ကသိုလ်တွင်ဖြစ်ပွားခဲ့သည့်အရေးအခင်းတွင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကျဆုံးခဲ့ပါသည်။ ၎င်းတို့အား ပစ်ခတ်သတ်ဖြတ်လိုက်သည့်အကြောင်းကလည်း ကျန်ကောလိပ်နှင့် တက္ကသိုလ်များဆီ ပျံ့နှံ့သွားခဲ့ပါသည်။
ထို့ကြောင့် ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်တွင် ရန်ကုန်တက္ကသိုလ်ပင်မဝင်းအတွင်း ကျောင်းသားထောင်ပေါင်းများစွာ စုရုံးပြီး မဆလအစိုးရ၏လုပ်ရပ်များကိုကန့်ကွက်ဆန္ဒပြခဲ့ကြပါသည်။
အလှည့်ကျဟောပြောနေသည့်ကျောင်းသား ၁ ဦးက ရန်ကုန်စက်မှုတက္ကသိုလ်ကြီးသို့ချီတက်ရန်ဆော်ဩလိုက် သဖြင့် ကျောင်းသားများအားလုံး ညနေ ၃ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့ကြပါသည်။
တဖြည်းဖြည်းအင်အားကြီးမားလာသော ကျောင်းသားထုကြီးသည် ပြည်လမ်းမအတိုင်းဆက်လက်ချီတက်လာရာ အင်းလျားလမ်းနှင့် ပြည်လမ်းထောင့်တံတားဖြူကန်ဘောင်ကိုကျော်လိုက်ချိန်မှာတော့ စစ်သားမြောက်မြားစွာက ကျောင်းသားအုပ်ကြီးကို သေနတ်များဖြင့်ထိုးချိန်ထားသည်ကို ကျောင်းသားများတွေ့လိုက်ရတော့သည်။
ထို့နောက်မှာတော့ အမိန့်ပေးသံထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားများကို နံပတ်တုတ်များဖြင့် ဝင်ရိုက် ကြလေတော့သည်။ ကျောင်းသားအချို့ကိုတော့ လုံထိန်းတပ်ဖွဲ့များက အင်းလျားကန်ထဲမောင်းသွင်းပြီး ရေနှစ် သတ်ခဲ့ကြသည်ဟု မှတ်တမ်းများကဆိုပါသည်။ အင်းလျားကန်ရေပြင်သည် ကျောင်းသားကျောင်းသူများ၏သွေး တို့ဖြင့် ရဲရဲနီခဲ့သလို တံတားဖြူသည်လည်း သွေးချင်းချင်းနီခဲ့သဖြင့် တံတားနီအဖြစ်သို့ ရောက်ခဲ့ရလေတော့သည်။
အဆိုပါကျောင်းသားများအား ရိုက်နှက်သတ်ဖြတ်ရန် ကြိုတင်စီစဥ်အကွက်ချပြီး စီစဥ်အမိန့်ပေးညွှန်ကြားခဲ့သူက တော့ ဗိုလ်ချုပ်စိန်လွင်ပင်ဖြစ်ပေတော့သည်။
တံတားနီအရေးအခင်းသည် ယနေ့တွင် ၃၆ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း ၎င်းအရေးအခင်း ကျောင်းသားကျောင်းသူ မည်မျှကျဆုံးခဲ့သည်ဟု တိတိကျကျမသိခဲ့ရပါ။ အဆိုပါအရေးအခင်းနှင့်ပတ်သက်ပြီး မဆလအစိုးရက စုံစမ်းစစ် ဆေးရေးကော်မရှင်ဖွဲ့စည်းခဲ့သော်လည်း ကော်မရှင်၏အစီရင်ခံစာကို တရားဝင်မထုတ်ပြန်ဘဲ နိုင်ငံတော်ကောင်စီ ၏သုံးသပ်ချက်များအရ မတ်လ ၁၆ ရက်အရေးအခင်းတွင် လူ ၄၁ ဦး အချုပ်ကားအတွင်း အသက်ရှုကြပ်သေဆုံးခဲ့ သည်ဟုသာ ဝန်ခံခဲ့ပါသည်။
အချိန်များသည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးလျက်သာရှိနေပါသည်။ သို့သော် လူတို့ပြုလုပ်ခဲ့သော ကောင်းခြင်း ဆိုးခြင်း များက မှတ်တမ်းအဖြစ်ကျန်ရစ်နေဆဲသာဖြစ်၏။ ထိုမှတ်တမ်းများအား မည်သည့်နည်းလမ်းများသုံးကာ ဖုံးကွယ် ထားသည်ပင်ဖြစ်စေကာမူ တစ်ချိန်ချိန်တွင်တော့ ပေါ်ပေါက်လာစမြဲသာဖြစ်၏။
တခါတရံတော့လည်း သမိုင်းသည် နာကျင်စရာများဖြင့် ပြည့်နှက်လျက်သာရှိပါသည်။ သို့သော် မြန်မာစစ်အာဏာ ရှင်များကမူ မိမိနိုင်ငံအတွက် နာကျင်စရာသမိုင်းများ ဒုနှင့်ဒေးအပြည့်ရှိထားသည့်တိုင် နာကျင်ရစကောင်းမှန်း မသိ နိုင်ကြသေးသည်။ ထို့ကြောင့်လည်း ဉာဏ်ပညာ၊ ချစ်ခြင်းတရားတို့နှင့်ပြည့်ဝသော လူသားများကို လောကကြီးထဲ က စောစီးစွာမောင်းထုတ်ပစ်လေ့ရှိကြပါသည်။
ကျွန်တော်တို့အတွက် အထူးသဖြင့် ကျွန်တော့တစ်ယောက်တည်းအတွက်ဆိုရပါမူ နောက်ထပ် စောဘဦးကြီးများ၊ နောက်ထပ် 7 July များ၊ နောက်ထပ် တံတားနီအရေးအခင်းများ၊ နောက်ထပ် ၈၈၈၈ အရေးတော်ပုံများ၊ နောက် ထပ် ရွှေဝါရောင်အရေးအခင်းများ၊ နောက်ထပ် နွေဦးတော်လှန်ရေးများမလိုခြင်းတော့ပါ။
တကယ်တော့ ကျွန်တော်တို့အတွက်လိုအပ်နေသည်က ဉာဏ်ပညာ၊ ချစ်ခြင်းတရား၊ ကိုယ်ချင်းစာတရားနှင့် လူငယ်များ သို့မဟုတ် တော်လှန်ရေးအပေါ်ခုတုံးမလုပ်ကြသူများသာ ဖြစ်ပေတော့သည်။
ကိုးကား – ကြေးမုံဦးသောင်း ၏ ဘီလူးတို့ရွာ
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3796
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8400