ကနီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၇) ဦး သေဆုံး
************************
သံလွင်ခက်။
မတ် ၁၆ ၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ယနေ့တွင် ထုတ်ပြန်သည်။
ကနီမြို့အား ယင်းမာပင်ခရိုင် တပ်ပေါင်းစုက မတ်လ (၂) ရက်မှ မတ်လ (၁၂) ရက်ထိ တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီဝင် (၄၇) ဦး သေဆုံးခဲ့ပြီး အလောင်း (၁၁) လောင်း ရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့တွင် ဖော်ပြထားသည်။
ကနီမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းများတွင် အခြေချနေသော ခလရ (၈၇၊ ၈၉၊ ၂၂၂)၊ ခမရ-၃၁၃ ပူးပေါင်းအင်အား (၁၀၀) ကျော်၊ အင်မထီးရွာက လေကြောင်းဖြင့် အင်အားပို့ချလာသော ထပ်တိုးအင်အား (၁၂၀) ခန့်နှင့် ရေဦးမြို့မှ စစ်ကူလာသော ဘီလူးစစ်ကြောင်း အင်အား (၈၀) ခန့်တို့အား ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂)၊ LPDF၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့များ၊ ကနီမြို့နယ် ပအဖ၊ ပကဖ (ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်၊ ကနီမြို့နယ်) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ Mi-35 နှင့် Jet Fighter များဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း (၅၄) ကြိမ် တိုက်ခိုက်ခဲ့ပြီး Y-12 ဖြင့် ဗုံးသီးအလုံး (၁၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဘက်မှ လက်နက်မျိုးစုံ (၁၁) လက်၊ ဗုံးသီးမျိုးစုံ (၅၀) ကျော်၊ ကျည်မျိုးစုံ (၁၃၀၀) ကျော်၊ မီးကျည် (၂၀) ခန့်၊ ရှေ့ထွက်မိုင်း (၃) ခု၊ ကျည်အိမ် (၂၀) ကျော်နှင့် Jammer (၂) ခု သိမ်းဆည်းရသည်။
ကနီမြို့သိမ်းတိုက်ပွဲ၌ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် (၁၁) ဦး ကျဆုံးခဲ့ပြီး ကနီမြို့အား အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ စစ်ကူအင်အား အများအပြားပို့ချခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လ (၁၂) ရက်တွင် ကနီမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်အရသိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3787
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8397