စစ်မှုထမ်းဥပဒေနဲ့ ပြေးစရာမြေမရှိတော့တဲ့ မြန်မာလူငယ်တွေ
*******************
ယမင်းဖူးပွင့်အောင်
မတ် ၁၅၊ ၂၀၂၄။
စစ်ကောင်စီထိန်းချုပ်သတင်းမီဒီယာများတွင် သင်္ကြန်ကာလအပြီး လာမည့်ဧပြီလအတွင်း စစ်မှုထမ်းရန်ဆင့်ခေါ် သွားမည်ဟု ဖော်ပြထားသော်လည်း သတ်မှတ်ကာလထက်စော၍ စာရင်းကောက်ခံနေခြင်းအပေါ် ပြည်သူလူထု ၏ စိုးရိမ်မှုမြင့်တက်နေသည်။
မိဘများကလည်း မိမိတို့သားသမီး၏အသက်ထက်ပို၍ အရေးကြီးသောအရာမရှိဟုဆိုကာ ငွေကြေးပြေလည်သည် ဖြစ်စေ၊ မပြေလည်သည်ဖြစ်စေ စစ်မှုမထမ်းရရေးအတွက် နည်းမျိုးစုံကြိုးစားနေကြရာက လူငယ်တို့ဘဝနှင့် အသက်များ ဆက်လက်ရှင်သန်ခွင့်အတွက် အသက်ရောင်းဝယ်ရေးဈေးကွက်များ ပေါ်ပေါက်လာတော့ပါသည်။
လွန်ခဲ့သည့်ရက်ပိုင်းကစ၍ ရန်ကုန်တိုင်းရှိ နေရာအနှံ့အပြားတွင် ရပ်ကွက်လူကြီးများဦးဆောင်၍ ပထမအပတ်စဉ်အတွက် စစ်မှုထမ်းရန် စာရင်းကောက်ခံမှုများပြုလုပ်နေသည်ဟု သိရသည်။
စစ်ကောင်စီသည် ယေဘူယျအားဖြင့် အသက် ၂၀ နှစ်ကနေ ၃၀ နှစ်အတွင်းရှိလူငယ်များကို စစ်မှုထမ်းရန်ခေါ်ယူ နေခြင်းဖြစ်ပြီး စာရင်းကောက်ခံရာတွင်လည်း အခကြေးငွေယူ၍ စာရင်းဖယ်ပေးသည့် မသမာမှုများရှိနေသည်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကရေးဆွဲခဲ့သည့် အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်း ရမည့်ဥပဒေတစ်ရပ်ကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အသက်သွင်းလိုက်သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် စစ်မှုထမ်းရန်အကျုံးဝင်သော အသက်အရွယ်အပိုင်း အခြားဖြစ်သည့် အသက် ၁၈ – ၃၅ နှစ်ကြား အမျိုးသားဦးရေသည် ၆ ဒဿမ ၃ သန်းရှိပြီး အသက် ၁၈ – ၂၇ နှစ် ကြား အမျိုးသမီးဦးရေသည် ၇ ဒဿမ ၇ သန်းရှိပြီး စုစုပေါင်းအရေအတွက်မှာ ၁၃ သန်းနီးပါးရှိကြောင်း သိရသည်။
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ် – passport ရုံးများတွင် တန်းစီစောင့်ဆိုင်းသူများပြား လာသလို ပြည်ပရောက်မြန်မာလူငယ်များသည်လည်း မိမိတို့နေရပ်ပြန်လာရန် စိုးရိမ်နေကြသည်။
လူငယ်များပြည်ပထွက်ခွာရာတွင် ငွေကြေးလိမ်လည်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်း၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုကြောင့် ဖမ်းဆီးခံရခြင်းများကိုလည်း ကြုံတွေ့နေရသည်။
စစ်မှုထမ်းဥပဒေစတင်အတည်ပြုစဉ်က တော်လှန်ရေးအဖွဲ့အစည်းများထံဝင်ရောက်ရန် လာရောက်ဆက်သွယ်ကြသည့် လူငယ်ထောင်နှင့်ချီရှိခဲ့သည်။
သို့သော် စနစ်တကျ ဖောင်ဖြည့်လျှောက်ထားရမည့်အချိန်တွင် ထိုလူငယ်အရေအတွက်မှာ သိသိသာသာလျော့ နည်းသွားသလို အမှန်တကယ်အင်တာဗျူးဖြေဆိုချိန်တွင်တော့ ထပ်မံလျော့နည်းသွားပြန်သည်။
ယခုအခါမှာတော့ စစ်မှုထမ်းရန်အတွက် မိမိတို့နေထိုင်ရာနေအိမ်များဆီသို့ အိမ်တိုင်ရာရောက်ဆင့်ခေါ်စာများ ရောက်လာချိန်တွင် စစ်မှုထမ်းဥပဒေ၏ အကျိုးဆက်များကို မြန်မာပြည်သူများ နဖူးတွေ့ ဒူးတွေ့ ကြုံနေကြရပြီ ဖြစ်သည်။
စိုးရိမ်ပူပန်နေကြသည့်လူငယ်လူရွယ်များနှင့် ၎င်းတို့၏မိသားစုများက ကြားခံပွဲစားများအသုံးပြု၍ ငွေကြေး အကုန်အကျခံကာ အမြန်ဆုံးနည်းလမ်းဖြင့် ပြည်ပထွက်ခွာနိုင်ရန်၊ နေရပ်မှတိမ်းရှောင်ရန်ကြိုးစားလာကြသလို ငွေကြေးသိန်းချီပေးဆောင်၍ ရှောင်ရှားနေသူများလည်းရှိလာသည်။
လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက် ၁ ခုတွင် လမ်း ၁ လမ်းကို အမျိုးသား ၆ ယောက်ခန့်စစ်မှုထမ်းဆောင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများကရွေးချယ်ခေါ်ယူကာ မဲနှိုက်စေပြီး စစ်မှုမထမ်းလိုသည့် အမျိုးသား ၅ ဦးက ကျပ် ၂ သိန်းခွဲခန့်စီပေး၍ ကျန်အမျိုးသား ၁ ဦးကို ကိုယ်စားစစ်မှုထမ်းရန် သဘောတူလက်မှတ်ရေးထိုးစေခဲ့သည်ဟု လှိုင် သာယာဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။
“လှိုင်သာယာ အတွင်းပဒံရပ်ကွက်မှာတော့ ၁ လမ်းကို ၆ ယောက် စစ်မှုထမ်းဖို့ရွေးတယ်။ ၆ ယောက်ထဲကနေ ၁ ယောက်ကတော့ မဖြစ်မနေလိုက်ရမယ်။ မလိုက်ချင်တဲ့ ၅ ယောက်က ၁ ယောက်ကို ၂ သိန်းခွဲပေးရမယ်။ တချို့အမေတွေကတော့ ၁၂ သိန်းခွဲယူပြီး သား ၁ ယောက်ပေးမယ်ပြောကြတယ်” ဟု ဆိုသည်။
စစ်ကောင်စီထံဝင်ရောက်စစ်မှုထမ်းပါက တစ်လလျှင် ၄၄၇,၀၀၀ ခန့်လစာရရှိမည်ဖြစ်သလို နေထိုင်စားသောက် ခွင့်ပါအခမဲ့ဖြစ်သည်ဟုမက်လုံးများပေး၍ စစ်ကောင်စီက ခေါ်ယူနေသော်လည်း လူငယ်ထုက ခါးခါးသီးသီး ငြင်းဆန်နေကြခြင်းအတွက် ခိုင်လုံသောအကြောင်းအရင်းများရှိနေပါသည်။
ယင်းမှာ စစ်တပ်က အင်အားမလုံလောက်သည့် ဒေသများသို့ ၎င်းတို့အားစေလွှတ်ကာ လူသားဒိုင်းအဖြစ်အသုံးပြု ခံရမည့်အပေါ် စိုးရိမ်နေကြသလို အရေးပေါ်ကာလ သက်တမ်း ၅ ကြိမ်ထိတိုးလာခဲ့သည့် စစ်ကောင်စီ၏ စစ်မှု ထမ်းကာလသည် ထုတ်ပြန်ထားသည့်အတိုင်း ၂ နှစ်မဖြစ်တန်ရာဟုယူဆသည့် အတွက် လူငယ်အများစုက ခါးခါး သီးသီး တုံ့ပြန်နေကြခြင်းဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံသတင်းစာများတွင် “စစ်မှုထမ်းဘဝ အမှတ်တရ” ခေါင်းစဉ်ဖြင့် “ ၂ နှစ်ဆိုတာ ခဏ လေးပါ။ အာမခံပေးနိုင်တာ တစ်ခုရှိတယ်။ တကယ်လို့သာ တာဝန်ထမ်းဆောင်ဖြစ်ခဲ့ရင် အဲဒီ ၂ နှစ်ဟာ ခင်ဗျားတို့ဘဝမှာ လုံးဝမမေ့နိုင်စရာဖြစ်ပြီး ရင်ထဲကျန်ခဲ့ပါလိမ့်မယ်” စသည်ဖြင့် လူငယ်များစစ်မှု ထမ်းရန် တိုက်တွန်းသည့်ဆောင်းပါးများ အသီးသီးဖော်ပြနေကြပါသည်။
လူငယ်များအနေဖြင့် စစ်မှုထမ်းရန်ပျက်ကွက်လျှင်၊ တိမ်းရှောင်ထွက်ပြေးလျှင် ၎င်းတို့၏မိသားစုဝင်များနှင့် မိဘ များကို ဖမ်းဆီးအရေးယူရန်လည်း စစ်ကောင်စီတယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်နေကြသည်။
ဒဂုံမြို့နယ်များတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတံဆိပ်တုံးပါစာရွက်ဖြင့် အစည်းအဝေးကို မပျက်မကွက်တက် ရောက်ရန် ဆင့်ခေါ်စာများပေးပို့လာသည်ဟု ဒဂုံမြို့နယ်ဒေသခံ အမျိုးသမီး ၁ ဦးက ဆိုသည်။
“ သိန်း ၂၀ တောင်းတယ် ရပ်ကွက်လူကြီးက။ အမေတွေက ထမင်းတောင်မစားနိုင်ကြဘူး။ ပြေးလဲမပြေးရဲဘူး။ မိဘကိုဖမ်းမယ်ဆိုတော့လေ” ဟုပြောသည်။
စစ်မှုထမ်းကာလမှာ သာမန်လူငယ်ဆိုလျှင် အနည်းဆုံး ၂ နှစ်၊ စက်မှုလက်မှုကျွမ်းကျင်သူဆိုလျှင် အနည်းဆုံး ၃ နှစ်ဖြစ်ပြီး အရေးပေါ်ကာလဖြစ်လျှင် ၅ နှစ်စစ်မှုထမ်းရမည်ဟု အဆိုပါဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် အကြောင်းအမျိုးမျိုးပြ၍ စစ်မှုထမ်းရန်ပျက်ကွက်မည်ဆိုလျှင်လည်း ထောင်ဒဏ် ၅ နှစ်ကျခံရမည်ဟု စစ်ကောင်စီက ပြစ်ဒဏ်ချမှတ်ထားသည်။
တိုင်းရင်းသားဒေသများတွင်ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဥပဒေကိုမဝေဖန်ကြဘဲ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ် ဝေဖန်မှုမြင့်တက်နေခြင်းအပေါ် စစ်ကောင်စီခန့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ ပြောဆိုထားသည်။
“ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ နိုင်ငံတော်ကာကွယ်ရေးပညာတတ်သွားမှာ သိပ်စိုးရိမ်တယ်။ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေ နိုင်ငံတော်ကာကွယ်ထမ်းဆောင်ရင်းနဲ့ စည်းလုံးညီညွတ်မှု ရှိသွားမှာကို သူတို့သိပ်ပြီးစိုးရိမ်တယ်။ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်လာ မှာကို သူတို့သိပ်ပြီးစိုးရိမ်တယ်” ဟုပြောသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3767
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8361