ကလေးမြို့ နန်းစောင်းပုရွာသစ်ရှိ နေအိမ်များကို စစ်ကောင်စီတပ် ၂ ရက်ဆက်တိုက် မီးရှို့
***********************
သံလွင်ခက်
မတ်လ ၁၅ ၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ကလေး-တမူးလမ်းမကြီးဘေး နန်းစောင်းပုရွာသစ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့မတ်လ ၁၄ ရက် ညနေပိုင်းကစ၍ ယနေ့အချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နန်းစောင်းပုရွာသစ်ရှိ နေအိမ်များကို မီးရှို့မှုများလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသား ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” လက်ရှိတော့ မနေ့ကအချိန်ထိတော့ သိရတာက အိမ်ခြေ ၁၂ လုံးလောက်ထိရှိသွားပြီ။ ညတုန်းကလည်း ဘယ်လောက်ဆိုတာ အတိအကျမပြောနိုင်ပေမယ့် အနည်းဆုံး ၅ လုံး ၆ လုံး လောက်ရှိမယ်ထင်တယ်။ ဒီနေ့ နေ့ လယ် ၁၂ နာရီလောက်က ၁ လုံးရှို့တယ်။ လက်ရှိကတော့ ခန့်မန်းခြေအလုံး ၂၀ လောက်တော့ လောင်သွားမယ် ထင်တယ် ” ဟုဆိုသည်။
ပြီးခဲ့သည့် ၁၀ ရက်တွင် ကလေးမြို့နယ် စစ်ကောင်စီ၏ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အောက်ရှိ ခြေမြန်တပ်ရင်း ခမရ (၃၆၁)၊ ခမရ (၃၆၂) က တပ်ဖွဲ့ဝင်များသည် ကလေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
လက်ရှိတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းက တပ်ဖွဲ့ဝင်များသည် နန်းစောင်းပုရွာသစ်ရှိ နေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
ဒေသခံ အမျိုးသား ၁ ဦးက ” လက်ရှိကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဲ့ရွာထဲမှာပဲ။ ပြောက်ကျားပေါ့ဗျာ။ သူတို့ အဲ့ရွာထဲမှာ အကုန်လုံးရှိနေတာတော့ မဟုတ်ဘူး ” ဟုဆိုသည်။
ကလေးမြို့နယ်တွင် ကျေးရွာပေါင်း ၁၅၆ ရွာရှိသည့်အနက် မြောက်ပိုင်း၌ နန်းစောင်းပုရွာသစ်နှင့် ရွာဟောင်း ဟူ၍ ၂ ရွာရှိပြီး တစ်ရွာနှင့် တစ်ရွာ ၁ မိုင်ကျော်သာ ကွာဝေးသည်။
စစ်ကောင်စီတပ်က နန်းစောင်းပုရွာသစ်၏ နေအိမ်များကိုဝင်ရောက်မီးရှို့နေသည့်အတွက် ယင်းကျေးရွာအပါအဝင် နန်းစောင်းပုရွာဟောင်း၊ နန်းဟန်နွဲ့၊ ကံသာယာ စသည့်ကျေးရွာက ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေကြ ရသည်။
ယမန်နေ့ မတ်လ ၁၄ ရက် ညပိုင်းတွင် ကလေးမြို့နယ် စစ်ကောင်စီ၏ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ကလေးမြို့နယ်၊ မြောက်ပိုင်း လက်ပံချောင်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၆၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၄၁ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ – နန်းစောင်းပု ရွာသစ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့နေသည့်မြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3770
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8365