ပခုက္ကူမြို့နယ်ရှိစာသင်ကျောင်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ကျောင်းဆရာ ၁ ဦး သေဆုံး
**************************************
သဇင်
မတ်လ ၁၄၊၂၀၂၄။
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ ဂဝံလေးတိုင်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံကသိရသည်။
ယမန်နေ့ မတ်လ ၁၃ ရက် မနက် ၁၀ နာရီခွဲခန့်တွင် ပခုက္ကူမြို့နယ်ဆိုင်ရာ အစည်းအဝေးကျင်းပနေသည့် ဂဝံ လေးတိုင်ကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချခဲ့ခြင်းဖြစ်သည် ဟု ပခုက္ကူမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ က သံလွင်ခက်ကိုပြောသည်။
“အစည်းအဝေးကြောင့် သတင်းပေါက်ပြီး လာချတယ်လို့ပဲ ကျွန်တော်တို့ယူဆပါတယ်။ အရင်ဆုံးဗုံးချတယ် ၊ နောက်တော့ စက်သေနတ်တွေနဲ့ပစ်တယ်။ ဒီနေရာက စစ်ရေးပစ်မှတ်နေရာလည်းမဟုတ်ဘူး ။ တိုက်ပွဲဖြစ်ပွား တာမျိုးလည်းမရှိဘူး။ စာသင်ကျောင်းကို တည့်တည့်လာချတာ” ဟုဆိုသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဂဝံလေးတိုင်စာသင်ကျောင်းက အသက် ၃၀ ဝန်းကျင်အရွယ် CDM ပညာရေးဝန်ထမ်း ဆရာ၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ဒေသခံများထံကသိရသည်။
ဒေသခံအမျိုးသား ၁ ဦးက “အစည်းအဝေးကို လာကူလုပ်ဖို့ရောက်နေတဲ့ ဆရာ ၁ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်။ ပအဖ အဖွဲ့ဝင် ၄ ယောက်က မစိုးရိမ်ရဒဏ်ရာရသွားတယ် ”ဟုဆိုသည်။
လေကြောင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည့်အတွက် ကျောင်းဆောင်များနှင့် မော်တော်ယာဉ် ၁ စီး ပျက်စီးခဲ့သည်ဟု သိရသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းအား ယခုကဲ့သို့ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သော ကျူးလွန်သူ တစ်ဦးတစ်ယောက်ချင်းဆီအား ကျူးလွန်သည့်အပြစ်ဒဏ်အတိုင်း တာဝန်ယူရမည်ဖြစ်သည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ-စစ်ကောင်စီဂျက်ဖိုက်တာဖြင့်ဗုံးကြဲမှုကြောင့် ဂဝံလေးတိုင်စာသင်ကျောင်း ထိခိုက်ပျက်စီးမှုမြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3746
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8320