သင်္ဃန်းညီနောင် တိုက်ပွဲအတွင်း CDM ဒုတပ်ကြပ် ၁ ဦးအပါအဝင် တော်လှန်ရေး ရဲဘော် ၆ ဦးကျဆုံး
********************************
နန်းဆုပန်ခန့်
မတ် ၁၄၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ကျေးရွာအုပ်စုရှိ စကခ ၁၂ လက်အောက်ခံ ခမရ – ၃၅၅ တပ်ရင်း စခန်းသိမ်းတိုက်ပွဲအတွင်း CDM ဒုတပ်ကြပ် ၁ ဦးအပါအဝင် တော်လှန်ရေး ရဲဘော် ၆ ဦးကျဆုံးခဲ့ရသည်ဟု မြေပြင် ရဲဘော်များထံက သိရသည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၇ ရက်နှင့် ၈ ရက်တွင် ကော်ဘရာစစ်ကြောင်း ၁ က ရဲဘော် ၂ ဦး နှင့် ကျားသစ်နက်စစ်ကြောင်းက CDM ဒုတပ်ကြပ် ၁ ဦးအပါအဝင် ရဲဘော် ၄ ဦးကျဆုံးခဲ့သည်ဟု မြေပြင် ရဲဘော် ၁ ဦး က သံလွင်ခက်ကို ပြောသည်။
ကျဆုံးရဲဘော်များသည် “ ကိုဂျွန် နဲ့ဆို ကော်ဘရာက ၂ ယောက်ကျတာပေါ့၊ ကျားသစ်နက်က ၄ ယောက်၊ ကော် ဘရာစစ်ကြောင်း တပ်ခွဲ ၅ က ခွဲမှူး ကိုဂျွန်က အသက် ၃၇ နှစ်၊ ကော်ဘရာ တပ်ခွဲ ၃ က ရဲဘော် ကျော်ကျော်ဝင်းက အသက် ၂၀ ပဲရှိသေးတယ်၊ ကျားသစ်နက်က ဆိုက်ကို က ၂၉၊ ညိုကြီးက ၂၅ ၊ ပြည့်စုံက ၂၀ ရယ် ပြီးတော့ ဒုတပ်ကြပ် CDM ရဲဘော် ကုလားမက အသက် ၂၉ နှစ်၊ ကျတာ” ဟု ရဲဘော် ၁ ဦးက ဆိုသည်။
သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ဒုတပ်ကြပ် CDM သည် လက်ခတ်တောင် စခန်းသိမ်းတိုက်ပွဲ အပြီးတွင် ၆၀ မမ ကွန်မန်ဒို လက်နက်ကြီးစိန်ပြောင်းနှင့်အတူ အလင်းဝင်လာသူ ဖြစ်သည်။
ပြီးခဲ့သည့် ဂျူလိုင်လ ၂၁ ရက် မှ ဩဂုတ်လ ၁၃ ရက်အတွင်း ပူးပေါင်းတပ်များသိမ်းပိုက်နိုင်ခဲ့သော လက်ခတ် တောင်စခန်းကုန်းကို စစ်ကောင်စီဘက်က ပြန်လည်ရယူရန်ထိုးစစ်ဆင်ခဲ့သည့်အတွက် ၁၀ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း ရဲဘော်ကုလားမ သည် ၎င်း၏ တပ်သား ၁ ဦးနှင့်အတူ ၆၀ မမ ကွန်မန်ဒို စိန် ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ MA 2 ၁ လက်၊ ကျည်ဘောက် ၆ ခု၊ ၅ ဒဿမ ၅၆ ကျည် ၆၀၀ တောင့် တို့နှင့်အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ယခုနှစ် မတ်လ ၇ ရက် မနက် ၁၀ နာရီကျော်တွင် ကာကွယ်ရေးပူးပေါင်းတပ်များက ခမရ – ၃၅၅ ကို စတင် ထိုးစစ်ဆင်ခဲ့ပြီး ညနေ ၆ နာရီ ၄၅ မိနစ်၌သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် မတ်လ ၈ ရက် နေ့လယ်ပိုင်းတွင်လည်း သင်္ဃန်းညီနောင်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များက ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။
အလားတူ မတ်လ ၁၁ ရက် ညနေ ၄ နာရီတွင်လည်း မြဝတီတောင်ပိုင်းရှိ စစ်ကောင်စီတပ်၏ ဖလူးမဆုတ်တမ်းခံ စစ်စခန်းအား ကာကွယ်ရေးပူးပေါင်းတပ်များက မိနစ်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း။
ပုံစာ – ၆၀ မမ စိန်ပြောင်းနှင့်အတူအလင်းဝင်လာသည့် ကျဆုံး CDM ဒုတပ်ကြပ် ရဲဘော် ကုလားမ။