တွံတေးမြို့နယ်တွင် သတ်မှတ်ချိန်ထက်စော၍ စစ်မှုထမ်းရန်မဲနှိုက်ခိုင်း
********************************************
ယမင်းဖူးပွင့်အောင်
မတ် ၁၄၊ ၂၀၂၄။
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် စစ်မှုထမ်းရန် မဲနှိုက်၍ စာရင်းကောက်ယူနေသည်ဟု ဒေသခံများထံက သိရသည်။
တွံတေးမြို့နယ်ရှိ လုံခြုံရေးအရအမည်မဖော်လိုသည့် ရပ်ကွက် ၁ ခုတွင် ယမန်နေ့က အသက် ၂၄ နှစ် မှ ၃၀ နှစ် အတွင်းရှိလူငယ်များ ၁ အိမ် ၁ယောက်နှုန်းဖြင့် စစ်မှု ထမ်းရန်မဲနှိုက်ရပြီး ၁ ရပ်ကွက်လျှင် ၃ ယောက်ထိ ရွေးချယ်ခေါ်ယူနေခြင်းဖြစ်သည်။
ရပ်ကွက်လူကြီး၏သားဖြစ်သူ မဲပေါက်သည့်အခါတွင် စစ်မှုထမ်းရမည့်စာရင်း၌ အခြားသူကိုသာ အစားထိုးထည့်သွင်းခဲ့ပြီး မသမာမှုများရှိနေသည်ဟု တွံတေးမြို့ ဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“အိုးဘိုရာအိမ်မှူး ဦးတင်ထွန်း က သူ့သားမဲပေါက်တာကို သူ့သားက မိဘတွေကိုလုပ်ကျွေးနေရပါတယ်ဆိုပြီး ပယ်လိုက်တယ်။ ပယ်ပြီး တခြားတစ်ယောက်ကိုထည့်လိုက်တယ်”ဟုပြောသည်။
မဲနှိုက်သည့်လုပ်ငန်းစဉ်တွင် အချိူ့အိမ်များသည် ကာယကံရှင်မပါဘဲ မဲစာရင်းထည့်သွင်းခံရခြင်းရှိသလို ရပ်ကွက်လူကြီးများက ၎င်းတို့ကိုယ်တိုင် မဲနှိုက်ရွေးချယ်လိုက်ခြင်းများလည်းရှိသည်ဟု ၎င်းကဆက်ပြောသည်။
“တချို့အိမ်တွေဆို မဲနှိုက်ဖို့တောင် လာမခေါ်ဘူး။ သူတို့ဖာသာ သူတို့နှိုက်သွားကြတာ။ ပြီးမှပေါက်တယ်ဆိုပြီးပြောမှ သိရတာ” ဟုပြောသည်။
စစ်ကောင်စီထိန်းချုပ် သတင်းမီဒီယာများတွင် သင်္ကြန်ကာလအပြီး လာမည့်ဧပြီလအတွင်း စစ်မှုထမ်းရန်ဆင့် ခေါ်သွားမည်ဟု ဖော်ပြထားသော်လည်း ယခုကဲ့သို့ သတ်မှတ်ကာလထက်စော၍ စာရင်းကောက်ခံနေခြင်း
အပေါ် ပြည်သူလူထုစိုးရိမ်မှုမြင့်တက်နေသည်။
ရန်ကုန်တိုင်းအတွင်းရှိ ကော့မှူး၊ ကွမ်းခြံကုန်း၊ လှိုင်သာ ယာ၊ သာကေတ စသည့်မြို့နယ်များတွင်လည်း အလား တူမဲနှိုက်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – MOI
ပုံစာ- စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို တွံတေးမြို့နယ်အတွင်း ယမန်နေ့က တွေ့ရစဉ်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3745
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8317