မြန်မာက ဒုတိယမြောက်ကိုရီးယားဖြစ်လာမလား. . . . .?
********************
ကောင်းချစ်အောင်
မတ် ၁၃၊ ၂၀၂၄။
ဂျပန်ယာကူဇာခေါင်းဆောင် တာကီရှိ အီဘီဆာဝါ ကို ၂၀၂၀ ခုနှစ် အစောပိုင်းကာလမှာ မြန်မာနိုင်ငံကနေ နိုင်ငံ တကာကို နျူကလီးယားပစ္စည်းတွေ ရောင်း ဝယ်ဖောက်ကားခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ အမေရိကန်တရားရေးဝန်ကြီးဌာနက စွဲချက်တင်ခဲ့ပါတယ်။
အီဘီဆာဝါ ဟာ နယူးယောက်မြို့မှာ တရားမဝင်လက်နက်ကုန်သွယ်မှုနဲ့ မူး ယစ်ဆေးဝါးရောင်းဝယ်မှုတို့နဲ့ စွဲချက်တင်ခံရပြီးနောက်ပိုင်း ၂၀၂၀ ခုနှစ် ဧပြီ လကတည်းက အမေရိကန်ပြည်ထောင်စုမှာ ထိန်းသိမ်းခံထားရပါတယ်။
လတ်တလောရင်ဆိုင်နေရတဲ့ စွဲချက်အသစ်ကတော့ သူဟာ မြန်မာနိုင်ငံအတွင်းက အမည်မဖော်လိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဆီကနေ လက် နက်ထုတ်လုပ်နိုင်တဲ့အဆင့်အထိ အရည်အသွေးပြည့်မီတဲ့ ပလူတိုနီယမ်နဲ့ ယူရေနီယမ်အမှုန့်တွေကို ရောင်းချဖို့ကြိုးပမ်းခဲ့တယ်ဆိုတာပါပဲ။ အပြန်အလှန်အနေနဲ့ သူဟာ ဝေဟင်ပစ်ဒုံးကျည်တွေ -SAMs နဲ့ တခြားစစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ဝယ်ယူချင်တာပဲ ဖြစ်ပါတယ်။
အီဘီဆာဝါနဲ့ သူ့အပေါင်းအပါတွေဟာ အသွင်ယူထောက်လှမ်းနေတဲ့ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့- DEA အေးဂျင့်တွေကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ အကြမ်းဖျင်းအားဖြင့် ၅ တန်လောက်ရှိတဲ့ နျူကလီး ယားပစ္စည်းတွေ ထုတ်လုပ်နိုင်တယ်လို့ အတိအလင်းပြောကြားခဲ့တယ်လို့ စွဲချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖျင်း သိုရီယမ်ကီလိုဂရမ် ၂၀၀၀ နဲ့ Yellow Cake လို့ အမည် ပေးထားတဲ့ ယူရေနီယမ်အမှုန့်တုံး ၁၀၀ ကီလိုဂရမ်လည်း သူ့မှာရှိတယ်လို့ ဓာတ်ပုံနဲ့တကွ ပေးပို့လာခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နျူကလီးယား မှုခင်းဓာတ်ခွဲခန်းရဲ့စစ်ဆေးချက်အရ အီဘီဆာဝါ ပေးပို့လာတဲ့ နမူနာပစ္စည်းတွေမှာ ယူရေနီယမ်နဲ့ လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့် ပလူတိုနီယမ်တို့ ပါဝင်နေတယ်လို့ စွဲချက်မှာ ရေးသားထားပါတယ်။
အီဘီဆာဝါကတော့ အီရန်နိုင်ငံက ထိပ်သီးဗိုလ်ချုပ်ကြီး ၁ ဦးနဲ့ အရောင်းအ ဝယ်ကိစ္စဆွေးနွေးနေတာလို့ ယုံကြည်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူပြောနေတာဟာ အသွင်ယူထားတဲ့ DEA အေးဂျင့်တစ်ယောက်သာ ဖြစ်နေပါတယ်။
DEA ရဲ့စစ်ဆင်ရေးကြောင့် ဒီအရောင်းအဝယ်ကို ဟန့်တားနိုင်ခဲ့ပေမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအကြား နျူကလီးယားပစ္စည်း လျှို့ဝှက်ရောင်းဝယ်မှုတွေဟာ ခြိမ်းခြောက်မှုရှိတဲ့အန္တရာယ်အဖြစ် ကျန်ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ အဏုမြူစွမ်းအင်ကိုအသုံးချဖို့ ပထမဆုံးကြိုးပမ်းမှုဟာ ၁၉၅၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ အဏုမြူစွမ်း အင်ဗဟိုဌာနကနေစတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနောက်ပိုင်း ၁၉၉၇ ခုနှစ်မှာတော့ အဏုမြူစွမ်းအင်ဌာနလို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး သိပ္ပံနဲ့စွမ်းအင်ဝန်ကြီးဌာနလက်အောက် ထားရှိခဲ့ပါတယ်။
အဲဒီလိုပဲ မြန်မာနိုင်ငံဟာ ၁၉၅၅ ခုနှစ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အဏုမြူငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာဟာ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ – IAEA ရဲ့ ဦး ဆောင်အဖွဲ့ဝင်နိုင်ငံ ၁ နိုင်ငံဖြစ်လာပါတယ်။
စစ်အေးတိုက်ပွဲကာလအလယ်အပိုင်းအခြားမှာ နျူကလီးယားလက်နက်ကင်းစင်ရေးမူဝါဒတွေ အားကောင်းလာပြီး နောက်ပိုင်း ၁၉၉၂ ခုနှစ်မှာ မြန်မာနိုင်ငံဟာ နျူကလီးယားမပြန့်ပွားရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး နျူ ကင်းစင်တဲ့နိုင်ငံဖြစ်လာပါတယ်။
အဲဒီနောက်ပိုင်းမှာ ၁၉၉၅ ခုနှစ်မှာလည်း မြန်မာနိုင်ငံက ဘန်ကောက်စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး နျူကလီးယားလက်နက်မထုတ်လုပ်ဖို့ ကတိကဝတ်ပြုခဲ့ပါတယ်။
နျူကလီးယားဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်တွေမှာ လက်မှတ်ရေးထိုးတာတာကြောင့် မြန်မာဟာ နျူ မပြန့်ပွားရေးကိစ္စရပ်တွေကို လိုက်နာပုံရပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ ကတိကဝတ်လိုက်နာမှုက မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။
၂၀၀၁ ခုနှစ်မှာ မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ – နအဖ က နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ဖို့အတွက် ရုရှားနိုင်ငံနဲ့ နျူကလီးယားသုတေသနလုပ်ငန်းတွေကို တရား ဝင်ဆွေးနွေးခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာကတည်းက နအဖအစိုးရဟာ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက် ခွင့်ပေးဖို့ IAEA ကို တောင်းဆိုခဲ့ပါတယ်။
ဓာတ်ပေါင်းဖိုလုံခြုံရေးနဲ့ ပုံမှန်လည်ပတ်ဖို့ အခြေခံအဆောက်အအုံ စည်းမျဉ်းစည်းကမ်းတွေအပြင် လက်နက် အဆင့်မထုတ်လုပ်ဖို့ တားမြစ်ချက်တွေကို လိုက်နာဖို့လိုမယ်လို့ IAEA ဘက်က အကြောင်းပြန်ခဲ့ပါတယ်။
ဒါပေမယ့် မြန်မာစစ်တပ်ဟာ နိုင်ငံတကာရဲ့ဖိအားပေးခံရမှု အနည်းဆုံးလမ်းကြောင်းအစား နျူကလီးယားနည်း ပညာ ဖွံ့ဖြိုးဖို့အတွက် ရုရှားဆီကနေ အကူအညီတောင်းခံတဲ့နည်းလမ်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။ အဲဒီကြိုးပမ်းမှုကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးသောင်းနဲ့ အမေရိကန်မှာလေ့ကျင့်သင်ယူထားတဲ့ နျူသိပ္ပံပညာရှင် ဦးသိန်းပိုတို့က ဦးဆောင်ခဲ့တာလို့ ဆိုပါတယ်။
နျူစွမ်းအင်ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဟာ လေ့လာစောင့်ကြည့်သူတွေအကြား စိုးရိမ်ပူပန်စရာ ဖြစ် လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရုရှားလုပ်ဓာတ်ပေါင်းဖိုဟာ မြောက်ကိုရီးယားနိုင်ငံ ယွန်းဗြောမှာ ဆိုဗီယက်ပြည်ထောင်စု ၁၉၆၅ ခုနှစ်က တည်ဆောက်ပေးထားတဲ့ ၅ မီဂါဝပ် နျူဓာတ်ပေါင်းဖိုနဲ့ ဆင်တူတယ်လို့ သုံးသပ်ကြ ပါတယ်။ ယွန်းဗြော ဓာတ်ပေါင်းဖိုကနေ နောက်ပိုင်းမှာ နျူလက်နက်အတွက် ပလူတိုနီယမ်ကိုပါ ထုတ်လုပ်လာခဲ့ပါတယ်။
မြန်မာနဲ့ ရုရှားအကြား ဓာတ်ပေါင်းဖိုတည်ဆောက်ရေး သဘောတူညီချက်တွေ ပျက်ပြယ်သွားခဲ့ပေမယ့် မြန်မာရဲ့ နျူကလီးယားအိပ်မက်တွေကတော့ ရပ်တန့်မသွားခဲ့ပါဘူး။ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ပြီးနောက်ပိုင်း ၂၀၀၇ ခုနှစ်မှာ နှစ်နိုင်ငံအကြား နျူပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။
၁၉၈၃ ခုနှစ် ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာအစိုးရဟာ မြောက်ကိုရီးယားနဲ့ သံသမန်ဆက်ဆံရေးကို ဖြတ်တောက်ပစ်လိုက်ပါတယ်။
၈၈၈၈ အရေးအခင်းကာလမှာ စစ်ဘက်အုပ်ချုပ်မှုနဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် နောက်ပိုင်းမှာ မြန်မာ နိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝန်းရဲ့ အပယ်ခံနိုင်ငံဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ရဲ့ အကြံ ပေးချက်အရ ထိုစဉ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ၂၀၀၀ ပြည့်လွန်ကာလတွေမှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်လည်တည် ဆောက်ခဲ့ပါတယ်။
ကာကွယ်ရေးထောက်လှမ်းရေးအရာရှိ Bruce Bechtol ရဲ့အဆိုအရ နျူဓာတ်ပေါင်းဖိုနည်းပညာလေ့လာဖို့ မြန်မာနည်းပညာရှင် ၃၀ ဦးကို မြောက်ကိုရီးယားဆီ စေလွှတ်ခဲ့တယ်လို့ဆိုပါတယ်။ ၂၀၀၃ နဲ့ ၂၀၀၆ ကြားကာလမှာ နေပြည် တော်က လျှို့ဝှက်လှိုဏ်ခေါင်းတွေတည်ဆောက်ရေးအပိုင်းမှာ မြောက်ကိုရီးယားပညာရှင်တွေ ပါဝင်ခဲ့တယ်လို့ ထင်ကြေးပေးမှုတွေလည်း ရှိခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို တရားဝင်ထုတ်ပြန်ကြေ ညာခဲ့ပြီး မြောက်ကိုရီးယားက မြန်မာမှာ သံရုံးဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ နအဖအစိုးရကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားကို လျှို့ဝှက်သွား ရောက်ခဲ့တယ်ဆိုတဲ့စာတမ်းတစ်စောင်ထွက်ပေါ်လာခဲ့ပြီး အဲဒါဟာ နှစ်နိုင်ငံအကြားရင်းနှီးမှုကို မီးမောင်း ထိုးပြနေပါတယ်။
အဲဒီအလည်အပတ်ခရီးအတွင်း မြန်မာစစ်ဗိုလ်ချုပ်တွေဟာ စစ်စခန်းနေရာများစွာကို သွားရောက်ကြည့်ရှုခဲ့ပြီး စစ်ရေးအရဆက်ဆံရေးခိုင်မာစေဖို့ မြောက်ကိုရီးယားစစ်ဦးစီးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နှစ်ဖက်ခေါင်း ဆောင်တွေဟာ ခေတ်မီစစ်တပ်တည်ဆောက်ရေးနဲ့ လှိုဏ်ခေါင်းတည်ဆောက်မှု နည်းပညာလွှဲပြောင်းရေးတို့ကို သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီပေါက်ကြားမှုကြောင့် မြောက်ကိုရီးယားနိုင်ငံဆီသွားရောက်မှုတွေကို လုံခြုံရေးမြှင့်တင်လာခဲ့ပြီး ပေါက်ကြား စေခဲ့တဲ့ မြန်မာစစ်တပ်အရာရှိ ၂ ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
နှစ်နိုင်ငံအကြား တရားမဝင်လက်နက်ရောင်းချနေတယ်ဆိုတဲ့ နိုင်ငံတကာရဲ့စွပ်စွဲချက်တွေဟာလည်း ဆယ်စုနှစ် တစ်ခုအကြာ ဆက်လက်တည်ရှိခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းဟာ II-62 အမည်ရတဲ့ မြောက်ကိုရီးယား လေယာဉ် ၁ စင်းကို သတိပြုမိလာခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ အီရန်နိုင်ငံကနေ မန္တ လေးမြို့ကိုပျံသန်းခဲ့ရာလမ်းကြောင်းမှာ အိန္ဒိယနိုင်ငံအတွင်း ၂၀၀၈ ခုနှစ် ဩဂုတ်လမှာ ဆင်းသက်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။ ၂၀၀၉ နဲ့ ၂၀၁၁ခုနှစ်တွေမှာ မြန်မာနိုင်ငံကို ဦးတည် မောင်းနှင်လာတဲ့ မြောက်ကိုရီးယားသင်္ဘောတွေကို တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ရေတပ်က ခြေရာခံစောင့်ကြည်ခဲ့ဖူးပါတယ်။
၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီးက မြန်မာ့နျူက လီးယားဖွံ့ဖြိုးရေးကဏ္ဍမှာ ရုရှားက ဆော့ဖ်ဝဲလ်(software)နဲ့ သင်တန်းပေးမှုကိုတာဝန်ယူထားပြီး မြောက်ကိုရီးယားကတော့ hardware ပိုင်းကို တာဝန်ယူနေတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
Sydney Morning Herald သတင်းဌာနရဲ့ ၂၀၀၉ ခုနှစ် သတင်းဖော်ပြချက်မှာလည်း မြန်မာနိုင်ငံဟာ နျူဓာတ် အားပေးစက်ရုံနဲ့ လက်နက်တွေအတွက် ရုရှားနဲ့ မြောက်ကိုရီးယားဆီက အထောက်အပံ့တွေရနေတယ်လို့ ဆိုထားပါတယ်။
၂၀၀၉ ခုနှစ်မှာ မြန်မာ့နျူကလီးယားအရေးနဲ့ပတ်သတ်ပြီး ကနဦးစိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ထို စဉ်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဟီလာရီကလင်တန် က ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ မြောက်ကိုရီးယားဆီကနေ နျူကလီးယားဆိုင်ရာ အကူအညီယူနေတဲ့ကိစ္စကို စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ်တွေမှာ နျူလက်နက်တွေကို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အတိုက်အခံအဖွဲ့အစည်းတွေက ပြုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပိုကျယ် ပြန့်လာခဲ့ပြန်ပါတယ်။
မြန်မာစစ်တပ်ကနေ ထွက်ပြေးလာတဲ့ စိုင်းသိန်းဝင်ဆိုသူဆီကရတဲ့ ဓာတ်ပုံတွေ၊ စာရွက်စာတမ်းတွေကို ကိုးကား ပြီးတင်ပြတဲ့ DVB သတင်းဌာနရဲ့ဖော်ပြချက်အရ မကွေးနဲ့ မန္တလေးမြို့အနီးမှာ ရုရှားက သင်တန်းပို့ချနေပြီး နျူကလီး ယားစက်ရုံတွေလည်း တည်ရှိနေတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် သိပ္ပံနှင့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအင်စတီကျု – ISIS ရဲ့ ဂြိုလ်တုဓာတ်ပုံဆန်းစစ်ချက်အရတော့ ဘိလပ်မြေစက်ရုံတွေဖြစ်နိုင်ချေပိုများတယ်လို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ် အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်အပြီးမှာတောင် နျူကလီးယားကိစ္စ သံသယတွေက ကြီးမားနေဆဲပါ။ အဲဒီကာလမှာပဲ မြန်မာအစိုးရဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမှန်သမျှအပြင် နျူကလီးယားသုတေသနအစီအစဉ်ကိုလည်း တရားဝင်ပယ်ချခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ လည်း IAEA ရဲ့ နောက်ထပ်စာချုပ်တစ်ခုကို မြန်မာက လက်မှတ်ရေးထိုးခဲ့ပြန်ပါတယ်။ ဒါပေမယ့်လည်း မြန်မာ စစ်တပ်ဟာ ရုရှားအကူအညီနဲ့ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ၂၀၁၄ – ၂၀၁၅ အထိ ကြိုးပမ်းနေခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ မြန်မာနဲ့ မြောက်ကိုရီးယားအကြား ဆက်နွှယ်မှုတွေရှိနေခဲ့ပြီး လက်နက်ရောင်းဝယ်မှုတွေလည်း ပါဝင်နေခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း နှစ်နိုင်ငံအကြားလက်နက်ကုန်သွယ်မှုကို တားဆီးနိုင်ဖို့ အရှေ့တောင် အာရှဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကို အမေရိကန်အစိုးရကနေ ပိတ်ဆို့မှုတွေလုပ် ဆောင်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ၂၀၁၆ ခုနှစ်အထိ လက်နက်ကုန်သွယ်မှုရှိနေတယ်ဆိုတာ ထင်ရှားစေခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ မြန်မာ့နိုင်ငံရေးမှာ အကူးအပြောင်းတစ်ခု ဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီအနိုင်ရလာပြီး အစိုးရဖြစ်လာပါတယ်။ NLD လက်ထက်မှာတော့ မြန်မာ့နျူကလီးယားအစီအစဉ်အပေါ် နိုင်ငံတကာရဲ့စိုးရိမ်ပူပန်မှုတွေမှေးမှိန်သွားခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ကစပြီး ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုတွေမှာ မြန်မာနိုင်ငံကလည်း တစ်စိတ် တစ်ပိုင်းအဖြစ် ပါဝင်လာခဲ့ပါတယ်။ သို့ပေမယ့် ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာ မြန်မာနဲ့ မြောက်ကိုရီးယားအကြား လက်နက်ကုန်သွယ်မှုဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ကြားခံကုမ္ပဏီကနေတဆင့် ဆက် လက်တည်ရှိနေတယ်လို့ ဆိုထားပါတယ်။
၂၀၂ ၁ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းမှုအပြီး နှစ်နိုင်ငံအကြား အပြင်ပန်းအားဖြင့်ဆက်ဆံရေးက ပြန်လည်အသက်ဝင်လာခဲ့ပြန်ပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ဦးတင်မောင်ဆွေကို မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့ပါတယ်။ မြန်မာစစ်ကောင်စီက မြောက်ကိုရီး ယားထုတ်လက်နက်အသုံးပြုနေတယ်ဆိုတာကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ကရင်အမျိုးသားအစည်းအရုံး KNU က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
မြန်မာစစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန်ကာလမှာ နျူလက်နက်မပြန့်ပွားရေးစာချုပ်ပါ ကတိ ကဝတ်တွေကို လိုက်နာနေသေးလားဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုရင် ၂၀၂၃ ခုနှစ်တစ်နှစ်တည်းမှာပဲ စစ်ကောင်စီဟာ နျူကလီးယားကဏ္ဍတိုးတက်လာစေဖို့ တရုတ်၊ ရုရှားတို့နဲ့ ပိုပြီးနီးနီး ကပ်ကပ်ဆောင်ရွက်လာတာတွေ့ရပါတယ်။
စစ်ကောင်စီကတော့ နျူစွမ်းအင်ကို ငြိမ်းချမ်းရေးအတွက်သာ အသုံးပြုမှာလို့ ဆက်တိုက်ပြောလေ့ရှိပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်ကဏ္ဍအတွက်သာ နျူစွမ်းအင်ကိုသုံးသွားဖို့ဖြစ်နိုင်ချေဟာ အတော်နည်းနေပါတယ်။ ရုရှားဓါတ်ပေါင်းဖိုကနေ သန့်စင်ထုတ်လုပ်ထားတဲ့ ပလူတိုနီယမ်ကို မြောက်ကိုရီးယားက လက်နက်ထုတ်လုပ်ဖို့ ဝယ်ယူခဲ့တဲ့ဖြစ်ရပ်ကိုလည်း သတိချပ်ဖို့လိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းမှာ ပလူတိုနီယမ်ကိုသန့်စင်နိုင်ခြင်းရှိ၊ မရှိကိုတော့ လက်ရှိမှာ အဖြေတိတိကျကျ မသိရသေးပါဘူး။ အစီရင်ခံစာတွေအရတော့ တကယ်လို့ ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင်တောင် အရည်အသွေး အပိုင်းမှာ အကန့် အသတ်တွေတော့ ရှိနေမှာဖြစ်ပါတယ်။
အီဘီဆာဝါ ကို ပလူတိုနီယမ်ရောင်းဝယ်မှုနဲ့ပတ်သတ်ပြီး အခုမှ စွဲချက်တင်လိုက်တာကလည်း နောက်ထပ် မေး ခွန်းထုတ်စရာတစ်ခု ဖြစ်နေပြန်ပါတယ်။ ထူးခြားချက်တစ်ခုက သူဟာ မြန်မာစစ်တပ်နဲ့မဟုတ်ဘဲ အမည်မဖော်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်ဟာ ယူရေနီယမ်သတ္ထုထွက်ရှိရာဒေသဖြစ်တယ်လို့ အရင်ကတည်းက သတင်းတွေထွက်ပေါ်ခဲ့ပေ မယ့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဒီအချက်ကို အခိုင်အမာငြင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာသာမကဘဲ ကမ္ဘာတဝန်းမှာပါ တင်းမာမှုတွေမြင့်တက်လာချိန်မှာ အခုလို နျူကလီးယားလက်နက် ဆိုင်ရာပစ္စည်းတွေရောင်းဝယ်မှုကို လုံခြုံရေးခြိမ်းခြောက်တဲ့ကိစ္စတွေအဖြစ် နိုင်ငံတကာအဖွဲ့အစည်းတွေက အလေးထားသင့်ပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ မြန်မာပြည်တွင်း ပဋိပက္ခကိုလည်း သတိကြီးကြီးထား ကိုင်တွယ်သင့်ပါတယ်။
“The Diplomat” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “John Min Lee” ၏ “Will Myanmar Become the Next North Korea?” ကို ဆီလျော်အောင်ရေးသားသည်။