နှစ်ဖက်တပ်စွဲထားသော မိုးမိတ်မြို့တွင် ဒေသခံအများစု နေရပ်မပြန်နိုင်သေး
****************************
သံလွင်ခက်
မတ် ၁၂ ၊ ၂၀၂၄။
ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် စစ်ကောင်စီတပ်ကြားဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့က ဒေသခံအများစုသည် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဟု ဒေသခံများထံက သိရသည်။
မိုးမိတ်မြို့တွင် ဒေသခံတချို့ နေရပ်ပြန်လာသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော လယ်ကြီး၊ အာသံနှင့် မြို့အဝင်အထွက်ဂိတ်အနီး ရပ်ကွက်များရှိ ဒေသခံများသည် လုံခြုံမှုမရှိသေးသည့်အတွက် နေရပ်မပြန်နိုင်ကြခြင်းဖြစ်သည်ဟု မိုးမိတ်ဒေသခံ ၁ ဦးက သံ လွင်ခက် သတင်းဌာနကို ပြောသည်။
၎င်းက ” နေရပ်ပြန်ရေးမှာ ဘယ်လိုအခက်အခဲရှိလဲဆိုတော့ ကိုယ့်အိမ်က စကစတွေထိုင်တဲ့ရပ်ကွက်မှာဆိုရင် ပြည်သူတွေကို ဘုန်းကြီးကျောင်းမှာစုခိုင်းပြီး သူတို့က အိမ်ထဲက ယူချင်တာတွေယူတယ်။ ဒါမျိုးလုပ်တာတွေရှိတော့ အများစုမပြန်ရဲဘူး ” ဟုဆိုသည်။
နေရပ်မပြန်ရဲသည့် စစ်ရှောင်ပြည်သူများအနေဖြင့် လက်ရှိအချိန်တွင် မိုးမိတ်အနီးရှိ မန်အုံ၊ မိုးဘုံနှင့် မန်ပတ် စသည့် ကျေးရွာများတွင် စစ်ဘေးတိမ်းရှောင်လျက်ရှိသည်။
ကချင်လွတ်လပ်ရေးတပ်မတော် – KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပူးပေါင်းတပ်များက ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် မိုးမိတ်မြို့ အာသံဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင် စီတပ်စခန်းများကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာက တိုက်ပွဲပြင်းထန်ခဲ့သည်။
ဇန်ဝါရီလ ၂၁ ရက်တွင် ကာကွယ်ရေးပူးပေါင်းတပ်များက မြို့၏နေရာအများစုကို ယာယီထိန်းချုပ်ထားနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် မိုးမိတ်မြို့ရှိ မြို့မစျေးနှင့် အာသံ၊ ဟော်နန်း၊ မြောက်ပိုင်း၊ ရွှေဇာလီ၊ အုန်းကြော၊ ကြည်တော်စု၊ ရွာတော်လေးစသည့် ရပ်ကွက်များက လူနေအိမ်များ မီးလောင်ပျက်စီးခဲ့သည့်အပြင် လူထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။
ထို့နောက် ဇန်နဝါရီ ၂၅ ရက်တွင် ကာကွယ်ရေးပူးပေါင်းတပ်များ မြို့မှပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဒေသခံများထံက သိရသည်။
လက်ရှိမှာတော့ လယ်ကြီး၊ အာသံနှင့် မိုးမိတ်မြို့ အဝင်အထွက်နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသကဲ့သို့ မန်ဖွယ်၊ ရွာသစ်၊ ရွာမကြီး စသည့်နေရာများ၌ KIA ၊ ကာကွယ်ရေးပူးပေါင်းတပ်များက နယ်မြေစိုးမိုးထားဆဲဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် မိုးမိတ်မြို့နယ်အပြင် မဘိမ်းမြို့နယ်များကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။
ထို့နောက် မိုးမိတ်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရပ်ပြန်လာသည့်ဒေသခံများ မြို့ တွင်းသွားလာရာ၌ လုံခြုံရေးတင်းကြပ်မှုများ လုပ် ဆောင်လျက်ရှိသည်။
ဒေသခံ ၁ ဦးက ” စကစ ဂိတ်မှာ မှတ်ပုံတင်ထားပြီး စျေးဝယ်ရတာဆိုတော့ အပစ်အခတ်မရှိတော့ပေမယ့် ဘာမှ လုပ်စားလို့အဆင်မပြေဘူးဖြစ်နေတာ။ အခက်အခဲက တော့ အနိုင်အရှုံးမပေါ်ဘဲနဲ့ ကြန့်ကြာနေတာက အဓိက အခက်အခဲပါပဲ ” ဟုဆိုသည်။
မိုးမိတ်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် စစ်ကောင်စီတပ်ကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၆,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF အဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက်၌ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ – စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မီးလောင်ပျက်စီးခဲ့ရသည့် မိုးမိတ်မြို့ရှိ နေအိမ်များ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3718
YouTube – > https://youtu.be/VWUnOqS3CvY?si=v5aJiF7msrZh0BNt
Website – > https://thanlwinkhet.net/?p=8275