၂၀၂၄ ခုနှစ်အတွင်း ဘေးဒဏ်သင့်မြန်မာပြည်သူ ၁၈ ဒဿမ ၆ သန်းကျော်အတွက် အရေးပေါ်အကူအညီလိုအပ်
*************************
သံလွင်ခက်
မတ် ၁၂၊ ၂၀၂၄။
မြန်မာနိုင်ငံ၌ဖြစ်ပွားနေသောပဋိပက္ခများကြောင့် လူပေါင်း ၂ ဒဿမ ၇ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်သူ ၁၈ ဒဿမ ၆ သန်းကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်မည်ဟု ကုလ သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး- UNOCHA က ယခုနှစ် မတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာပြည်သူများသည် ၎င်းတို့၏အခြေခံလိုအပ်များ ပြည့်မီနိုင်စွမ်းအပေါ်ထိခိုက်စေသည့် ငွေကြေးဖောင်းပွမှုမြင့် တက်လာခြင်း၊ ပဋိပက္ခနှင့်မလုံခြုံမှုများမြင့်တက်လာခြင်း၊ အရပ်သားဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်ရရှိမှု အန္တရာယ်များကြာ;ရှင်သန်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။
ပဋိပက္ခများသည် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့ တောင်ပိုင်းအပြင် နိုင်ငံတဝန်းရှိ နေရာအနှံ့အပြားတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိနေသောကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုများ ဆက်လက်ဖြစ်ပွားနေပြီး လူပေါင်း ၂ ဒဿမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရဆဲဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ်ရှိ ဈေးကြီးအတွင်း လက်နက်ကြီးကျည်ဆံကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလကစ၍ ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများဖြစ်ပွ ားခဲ့ပြီး ယင်းအချိန်ကစပြီး စစ်ကောင်စီက ရေလမ်း၊ ကုန်းလမ်းများပိတ်ဆို့ထားခြင်းကြောင့် စားနပ်ရိက္ခာရှားပါးမှုနှင့် အခြားသောကုန်စည် ပစ္စည်းပြတ်လပ်မှုများဖြစ်ပွားနေသလို မရှိမဖြစ်လိုအပ်သောကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်လျက်ရှိသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ဇန်နဝါရီလတွင် “ဟိုင်ဂင်သဘောတူညီချက်” ဖြင့် ညီနောင်မဟာမိတ် အဖွဲ့နှင့် စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရန်သဘောတူညီခဲ့သော်လည်း မြေမြှုပ်မိုင်းအန္တရာယ်အပြင် နှစ်ဖက်တပ်များ၏ တပ်သားသစ်စုဆောင်းမှုများ၊ သီးခြားတင်းမာမှုများနှင့် သွားလာရေးကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ ဘေးအန္တရာယ်ရှိနေကြဆဲသာဖြစ်သည်။
မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေဆဲတိုက်ပွဲများ၊ ဘက်ပေါင်းစုံကချမှတ်ထားသော စီမံရေးဆိုင်ရာကန့်သတ်ချက်များ၊ လူမှုရေးဝန်ထမ်းများအား အကြမ်းဖက်မှုနှင့် နှောင့်ယှက်မှုများသည် ဘေးဒဏ်ခံစားနေရသောပြည်သူများရှိရာ ဆီဝင်ရောက်ပြီး ကယ်ဆယ်ရေးအကူအညီများဆောင်ရွက်နိုင်ရန်အတွက် အဓိကအတားအဆီးများအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
၂၀၂၃ ခုနှစ်အတွင်း အနည်းဆုံး လူဦးရေ ၃ ဒဿမ ၂ သန်းအား အကူအညီများပံ့ပိုးပေးနိုင်ခဲ့သော်လည်း အဆိုပါ ပံ့ပိုးမှုများက ရန်ပုံငွေမပြည့်မီခြင်းနှင့် ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များကြောင့် ကနဦးစီစဥ်ထားသည့် အတိုင်း အပြည့်အဝကူညီနိုင်ခဲ့ခြင်းမရှိပါ။
၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်နှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဥ် – HNRP အရ လူမှုဝန် ထမ်းများသည် လူဦးရေ ၅ ဒဿမ ၃ သန်းကိုဦးတည်ပြီး လူမှုကယ်ဆယ်ရေးအကူအညီများပံ့ပိုးပေးရန်ရည်ရွယ် ထားပြီး ယင်းသို့ဆောင်ရွက်နိုင်ရန်လည်း အမေရိကန်ဒေါ်လာ ၉၉၄ သန်းလိုအပ်နေပါသည်။
၂၀၂၃ ခုနှစ်ကရရှိခဲ့သော ရန်ပုံငွေပမာဏသည် အမှန်တကယ်လိုအပ်သောရန်ပုံငွေ၏ ၃၇ ရာခိုင်နှုန်းသာရှိခဲ့သဖြင့် ယင်းအတိုင်းသာ ၂၀၂၄ ခုနှစ်တွင်ရရှိခဲ့မည်ဆိုပါက မြန်မာနိုင်ငံရှိ စစ်ဘေးဒဏ်သင့်ပြည်သူများအတွက် ကြီးမား သောအခက်အခဲများ ထပ်မံဖြစ်ပေါ်စေလိမ့်ဦးမည်သာဖြစ်သည်ဟု UNOCH က ထုတ်ပြန်ထားသည်။
Ref: The Nation
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – သောင်ရင်းမြစ်အနီးမြင်တွေ့ရသည့် စစ်ရှောင်ပြည်သူများ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3713
YouTube – > https://youtu.be/QqbTWiv8qdA?si=t_-oGmGKSvk_jV-Z
Website – > https://thanlwinkhet.net/?p=8268