စစ်မှုထမ်းဥပဒေကိုဆန့်ကျင်သည့် လူထုလှုပ်ရှားမှုတွင်ပါဝင်ရန် GSCB တိုက်တွန်း
*****************************************
ယမင်းဖူးပွင့်အောင်
မတ် ၁၂၊ ၂၀၂၄။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြောင်း လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်သည့် လူထုလှုပ်ရှားမှုတွင် ပြည်သူအားလုံးပူးပေါင်းပါဝင်ကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) က ဖိတ်ခေါ်ထားသည်။
ကမ္ဘာအနှံ့ရှိ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးက စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းခြင်းလုပ်ရပ်ကို လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ကြကြောင်း လက်မှတ်ရေးထိုးဆန္ဒဖော်ထုတ်သည့် “အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု” တွင် ပူးပေါင်းပါဝင်ပေးကြရန်ဖိတ်ခေါ်သည်ဟု GSCB က ယမန်နေ့တွင် ထုတ်ပြန်သည်။
“ကျွန်တော်တို့ ကျွန်မတို့ရဲ့ လူငယ်မျိုးဆက်သစ်တွေ စစ်ကျွန်ဘဝကနေလွတ်မြောက်ဖို့ကြိုးစားတဲ့ ဒီလှုပ်ရှားမှုမှာ တတပ်တအားအဖြစ် အခုပဲ ပါဝင်လိုက်ကြပါစို့” ဟု GSCB က ဆိုသည်။
အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမည့်ဥပဒေတစ်ရပ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် အသက် သွင်းခဲ့သည်။
အဆိုပါဥပဒေသည် ရုတ်တရက်ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် အတည်ပြုရေးဆွဲခဲ့ခြင်းဖြစ်သည်။
သင်္ကြန်ရုံးပိတ်ရက်များအပြီး ဧပြီလတွင် စစ်မှုထမ်းရန်အတွက် လူသစ်စုဆောင်းခြင်းကို စတင်လုပ်ဆောင်မည် ဖြစ်ကာ အပတ်စဉ် ၁ ခုလျှင် လူဦးရေ ၅,၀၀၀ ခန့်ခေါ်ယူရန်လျာထားပြီး အသေးစိတ်ညွှန်ကြားချက်များ ထပ်မံ ထုတ်ပြန်မည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနကို ဖေဖော်ဝါရီ ၁၃ ရက်က ပြောဆိုခဲ့သည်။
စစ်မှုထမ်းကာလမှာ သာမန်လူငယ်ဆိုလျှင် အနည်းဆုံး ၂ နှစ်၊ စက်မှုလက်မှုကျွမ်းကျင်သူဆိုလျှင် အနည်းဆုံး ၃ နှစ်ဖြစ်ပြီး အရေးပေါ်ကာလဖြစ်လျှင် ၅ နှစ်စစ်မှုထမ်းရမည်ဟု အဆိုပါဥပဒေ၌ထည့်သွင်းဖော်ပြထားသည်။
အကြောင်းအမျိုးမျိုးပြကာ စစ်မှုထမ်းရန်ပျက်ကွက်မည်ဆိုလျှင်လည်း ထောင်ဒဏ် ၅ နှစ်ကျသင့်မည်ဟု စစ်ကောင်စီက ပြစ်ဒဏ်ချမှတ်ထားသည်။
Photo -GSCB
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3711
YouTube – > https://youtu.be/QqbTWiv8qdA?si=t_-oGmGKSvk_jV-Z
Website – > https://thanlwinkhet.net/?p=8264