အာဏာသိမ်းမှုနောက်ဆက်တွဲ ဆိုးကျိုးများကို ခါးစည်းခံနေရသောမြန်မာအမျိုးသမီးများ
********************
ဘုန်းမောင်
မတ် ၈၊ ၂၀၂၄။
(ယခင်ကဖော်ပြခဲ့သည့်ဆောင်းပါးဟောင်းကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်)
ယခုဆောင်းပါးတွင် ဖော်ပြထားသောစစ်တမ်းက ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ် – UNDPနှင့် ကျားမ တန်းတူညီမျှရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း UN Women တို့က ယမန်နှစ် နိုဝင်ဘာလကနေ ဒီဇင်ဘာလအထိ အမျိုးသမီး ၂,၂၀၀ ဦးကို တွေ့ဆုံမေးမြန်းပြီးရရှိလာသော အချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်အာဏာသိမ်းမှုက မြန်မာပြည်သူတွေအပေါ် မကြုံစဖူးသော အခက်အခဲများ ယူဆောင်လာခဲ့သည်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံတွင်းကအမျိုးသမီးများသည် အာဏာသိမ်းမှုကြောင့် ဒုက္ခတွင်းပိုနက်ခဲ့သည်။
ကုလသမဂ္ဂ၏ စစ်တမ်းအသစ်တစ်ခုတွင် မြန်မာအမျိုးသမီးများသည် ၎င်းတို့မိသားစုဝင်များ ရှင်သန်ရပ်တည်နိုင် ရန် ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများထုခွဲရောင်းချပြီး ဝမ်းရေးကိစ္စဖြေရှင်းခဲ့ကြသည်ဟု ဖော်ပြထားသည်။
ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသမီးများသည် ပုံမှန်စားသောက်နေသောပမာဏထက် အစားအသောက်လျှော့စားခဲ့ရခြင်းများရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု ၎င်းစစ်တမ်းသစ်တွင် ဖော်ပြထားသည်။
နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာအမျိုးသမီးများသည် အလုပ်အကိုင် အခွင့်အလမ်းများ နှင့်ဝေးကွာခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှုများနှင့်လည်း ကင်းဝေးခဲ့ရသည်။ မြန်မာအမျိုးသမီး ၃၀ ရာခိုင်နှုန်းခန့်သည် နေ့ခင်းလိုအချိန်မျိုးမှာပင် ၎င်းတို့ပတ်ဝန်းကျင်၌ မလုံခြုံစိတ်ဖြင့် နေထိုင်နေရသည်။
ပိုမိုများပြားသော ၃၄ ဒဿမ ၉ ရာခိုင်နှုန်းကတော့ မိမိတို့နေအိမ်၌ နေထိုင်နေရသော ညဘက်လိုအချိန်မျိုးမှာ မလုံမခြုံစိတ်ဖြင့် နေထိုင်နေကြရသည်ဟု ဆိုသည်။
“ကူးစက်ရောဂါနဲ့ စစ်အာဏာသိမ်းမှုက အမျိုးသမီးတွေရဲ့မလုံခြုံစိတ်ကို မြင့်မားလာစေခဲ့ပြီး ငွေရေးကြေးရေးနဲ့ ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေခဲ့တယ်” ဟု UNDP ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Ms Kanni Wignaraja က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘေးကင်းလုံခြုံမှုမရှိသော အမျိုးသမီး ၁ ယောက်အနေဖြင့် ၎င်းတို့၏ကိုယ်ပိုင်ဘဝနှင့် မိသားစုဘဝများကို စောင့်ရှောက်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပါ။ ထိုသို့စောင့်ရှောက်နိုင်စွမ်းမရှိခြင်းကြောင့် အနာဂတ်မျိုးဆက်သစ်များနှင့် မြန်မာတစ်နိုင်ငံလုံး၏ သာယာဝပြောမှုကို တိုက်ရိုက်ထိခိုက်စေလိမ့်မည်သာဖြစ်သည်။
စစ်တပ်က ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ပြီးနောက်ပိုင်း အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူအနည်းစု၏ ကျန်းမာရေးအပေါ် ဆိုးဆိုးရွားရွားထိခိုက်စေခဲ့သည်။ အမျိုးသမီးများသည် ကျန်းမာရေးဝန်ဆောင်မှုကောင်းစွာ မရရှိကြဘဲ အသက်ရှင်သန်ရန်အတွက် ရုန်းကန်နေရသည်။ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များ၊ ဝန်ဆောင်မှုများနှင့် အလှမ်းဝေးခြင်းတို့ကြောင့်လည်း အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကိုဗစ်နှင့် အခြားကူးစက်မှုမြှင့်တက်လာမှာ စိုးရိမ်ရသည်။
စစ်အုပ်ချုပ်ရေးစနစ်၏ ပြည်သူ့ကျန်းမာရေးစနစ်ကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် အရပ်သားအစိုးရ လက်ထက်ကကောင်းမွန်နေခဲ့သော ကျန်းမာရေးစနစ်ကို ပိုပြီးအားနည်းသွားစေရုံမျှသာမက ကျန်းမာရေးဝန်ကြီး ဌာနအပေါ် ပြည်သူများ၏ ယုံကြည်မှုပါကျဆင်းလာခဲ့သည်။
အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူအနည်းငယ်မှာ ကျန်းမာရေးစောင့် ရှောက်မှုအတွက် သင့်တင့်မျှတသော ဝန်ဆောင်မှုမရရှိကြသလို လူမှုစီးပွား ရေးကွာဟမှုအလျောက် ကျန်းမာရေးစောင့်ရှောက်မှုကွာဟချက်ကလည်း ကြီးမားလာပါသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် အကန့်အသတ်များရှိထားပြီဖြစ်ပြီး ၎င်းကန့်သတ်ချက်များက အာဏာသိမ်းမှုကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။
အစားအသောက်မလုံလောက်သလို ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အာဟာရနှင့် သန့်ရှင်းသောသောက်ရေရနိုင်ဖို့ကလည်း ခက်ခဲနေသည်။ ယခုလို ကြမ်းတမ်းသောအခြေအနေများအောက်တွင် အမျိုးသမီးများသည် စစ်အုပ်ချုပ်ရေးလက်ကလွတ်မြောက်အောင်ကြိုးစားနေရပြီး ကလေးငယ်တချို့လည်း သေဆုံးခဲ့ရသည်။
အာဏာသိမ်းစစ်တပ်သည် တိုင်းရင်းသားဒေသများတွင် လိင်အကြမ်းဖက်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြား သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်တပ်ကိုတရားဝင်ဖြစ်စေသော မည်သည့်အကူ အညီမျိုးကိုမျှ မပေးဖို့လိုသည်။
အန္တရာယ်များစွာနှင့် ရင်ဆိုင်နေရသော တိုင်းရင်းသားကျန်းမာရေးဝန်ထမ်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ သည် ထိုင်း – မြန်မာနယ်စပ်တလျှောက်တည် ထောင်ထားသော ကွန်ရက်များကတဆင့် ကျန်းမာရေးနှင့် အခြား ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
အာဏာသိမ်းပြီးချိန်ကစပြီး လူပေါင်း ၂ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။
မြန်မာပြည်သူများက စစ်အာဏာသိမ်းမှုကိုလက်မခံဘဲ ခံနိုင်ရည်ရှိရှိ ဆက် လက်ဆန့်ကျင်လျက်ရှိသောကြောင့် အာဏာသိမ်းစစ်တပ်က အရပ်သားများနေထိုင်ရာကျေးရွာနှင့် မြို့ပြများကို လေကြောင်းတိုက်ခိုက်ခြင်းနှင့် မီးရှို့ ခြင်းများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။
အာဏာသိမ်းအကြပ်အတည်းက စီးပွားရေးလုပ်ငန်းများအပေါ် အကြီးကျယ်ဆုံးသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ကုလသမဂ္ဂ၏စစ်တမ်းသစ်တွင် အာဏာသိမ်းမှုနှင့် ကပ်ရောဂါသည် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင်ပြုလုပ်ခဲ့သော ကျား / မတန်းတူညီမျှရေးဆိုင်ရာတိုးတက်မှုများကို မည်ကဲ့သို့ ခြိမ်းခြောက်နေကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ဘေဘုယျအားဖြင့် မြန်မာအိမ်ထောင်စုများသည် ၎င်းတို့စားဝတ်နေရေးစရိတ်များကာမိစေရန် ၎င်းတို့၏ စားနပ်ရိက္ခာစားသုံးမှုများကို လျှော့ချထားရသည်။ မိသားစုများ၏ ၃၄ ဒဿမ ၆ ရာခိုင်နှုန်းတွင် အမျိုးသမီးများက အစားအသောက်လျှော့စားနိုင်ခြေပိုများသည်။
ချေးငွေရယူနေကြရသော အိမ်ထောင်စု ၁၀ စုတွင် ၆ ယောက်က အမျိုးသမီးများ ဖြစ်နေကြသည်။
“စစ်တပ်အာဏာသိမ်းလိုက်တာက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုးတက်မှုတွေကို ပြောင်းပြန်လှန်ပစ်တယ်” ဟု အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံတွင် အခိုင်အမာဆက်လက်တည်ရှိနေသော ကျား / မ ခွဲခြားဆက်ဆံမှု ပပျောက်ရန်အတွက် လိုအပ်သော အဖွဲ့အစည်းနှင့် လူမှုရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကလည်း အာဏာသိမ်းစစ်တပ်၏ စစ်အုပ်ချုပ်ရေး လက်အောက်တွင် ဖြစ်လာနိုင်ဖွယ်မရှိပေ။
ယခင်ရှိခဲ့ပြီးသား အကြပ်အတည်းများကြောင့် အလုပ်လက်မဲ့ပိုမိုများပြားလာခြင်းက မိရိုးဖလာကျား / မ ခွဲခြားမှု အခန်းကဏ္ဍကို ပြန်လည်ရောက်ရှိရန် လူ အများအပေါ်တွန်းအားဖြစ်လာစေနိုင်ပြီး မြန်မာအမျိုးသမီးများသည် အိမ် တွင်းမှုနှင့် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများတွင် ပိုမိုပါဝင်လုပ်ဆောင်ရန် တွန်းအားပေးခံနေရသည်။
ယခုကဲ့သို့ မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍဆုတ်ယုတ်ကျဆင်းနေမှုကို ကာကွယ်နိုင်ရန်မှာ ဖွံ့ဖြိုးရေးအဖွဲ့များအနေဖြင့် အမျိုးသမီးများ တိုက်ရိုက်ဝင် ငွေရရှိအောင်ပံ့ပိုးပေးခြင်းအပြင် အမျိုးသမီးများဦးဆောင်သော အမျိုးသမီးများပိုင် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးဖို့လိုအပ်ကြောင်း အစီရင်ခံစာတွင် အကြံပြုထားသည်။