ရန်ကုန်မြစ်တွင်း ဆီသင်္ဘောမီးလောင်မှု ဒီဇယ်ဆီဂါလံ ၈၀၀ နှင့် ကျပ်သိန်း ၈၀ တန်ဖိုးဆုံးရှုံးဟု ဆို
*****************************
သံလွင်ခက်
မတ် ၂ ၊ ၂၀၂၄ ။
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း၌ သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့ရာ ဒီဇယ်ဆီ ၈၀၀ ဂါလံနှင့် ကျပ်သိန်း ၈၀ တန်ဖိုးဆုံးရှုံးခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ မတ်လ ၁ရက် ၊ နံနက်အစောပိုင်း ၂ နာရီကျော်အချိန်၌ စက်သုံးဆီတင်ရေယာဥ် MV သင်္ဂဇာရေယာဥ်ပေါ်သို့ ဣန္ဒာ-၆ ရေယာဥ်မှ ဆီဂါလံ ၂၅၀၀ ပေးပို့နေစဥ် ဣန္ဒာ-၆ ရေယာဥ်ပေါ်တွင် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
မီးလောင်ပေါက်ကွဲမှုကြောင့် MV သင်္ဂဇာရေယာဥ်ပေါ်မှ သင်္ဘောလုပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးနေသည်။
ထို့ပြင် ဣန္ဒာ-၆ ရေယာဥ်၏ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ်သိန်း ၈၀ နှင့် ဒီဇယ်ဆီ ၈၀၀ ဂါလံ ဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ လေယာဥ်ဆီသင်္ဘောကို ရန်ကုန်တိုင်း ပကဖ ကတိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာနက
ယမန်နေ့၌ သတင်းထုတ်ပြန်သည်။
ထိုထုတ်ပြန်ချက်တွင် စစ်လေယာဥ်၊ စစ်ရဟတ်ယာဥ်များတွင်အသုံးပြုမည့် လေယာဥ်ဆီသယ်ဆောင်လာသည့် လေယာဥ်ဆီတင်သင်္ဘောကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်၊ ညနက်ပိုင်းတွင် ရန်ကုန် MEC ထီးတန်းဆိပ်ကမ်း၌ ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်အပ်သည်ဟု ပါရှိသည်။
ပုံစာ-ယနေ့ညပိုင်း၌ ရန်ကုန်မြစ်တွင်း ဆီတင်သင်္ဘောမီးလောင်ခဲ့မှု။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3613
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8075