အင်းစိန်ထောင်တွင် ရန်ဖြစ်သည်အကြောင်းပြကာ နိုင်/ကျဉ်းများကို ရိုက်နှက်တိုက်ပိတ်
***********************************
ယမင်းဖူးပွင့်အောင်
မတ် ၂၊ ၂၀၂၄။
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အင်းစိန်ဗဟိုအကျဥ်းထောင်တွင် ဘောလုံးကစားစဉ် ရန်ဖြစ်သည်ဟု အကြောင်းပြ၍ နိုင်ငံရေးအကျဥ်းသား ၄ ဦးကို ရိုက်နှက်နှိပ်စက်ကာ တိုက်ပိတ်အပြစ်ပေးခဲ့သည်ဟု အကျဉ်း ထောင်နှင့် နီးစပ်သူများထံက သိရသည်။
အင်းစိန်ဗဟိုအကျဥ်းထောင်တွင် ဖေဖော်ဝါရီ၂၈ ရက် နံနက် ၈ နာရီခန့်က ဘောလုံးကစားကြစဉ် အကျဉ်းသားအချင်းချင်းစကားများကြရာ စစ်ကောင်စီလက်အောက်ခံ အကျဥ်းထောင်ဝန်ထမ်းများနှင့် အခန်းလူကြီးများ(တန်းစီး)များက အကျဥ်းသားများအား ဝင်ရောက်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
အကျဉ်းသားအချင်းချင်း စကားများသည့်အခြေအနေကို ဝင်ရောက်ဖျန်ဖြေပေးရမည့်အစား ရန်ဖြစ်သည်ဟု အကြောင်းပြကာ အကျဉ်းထောင်ဝန်ထမ်းများနှင့် ထောင်ပိုင်က လက်သပ်မွေးထားသည့် အခန်းလူကြီး (အကျဉ်းသား)များက ဝင်ရောက်ရိုက်နှက်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က ပြောသည်။
“ပြင်ပမှာလည်း အဲ့လိုပါပဲ။ ဘောလုံးကစားရာမှာ အခန့် မသင့်ရင် ရန်ဖြစ်စကားများတာတွေရှိတယ်။ အခုက ရန်မဖြစ်ရသေးဘူး။ ဖျန်ဖြေခြင်းမရှိဘဲနဲ့ စကားများနေတဲ့အနေအထားတစ်ခုမှာ ရန်ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ပိုင်ကလက်သပ်မွေးထားတဲ့ အခန်းလူကြီးတွေ (အခြားရာဇဝတ်အကျဉ်းသားတွေ) နဲ့ ထောင်ဝန် ထမ်းတွေက နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို ဝင်ရောက်ရိုက်နှက်တယ်” ဟုဆိုသည်။
ဝင်ရောက်ရိုက်နှက်ပြီးနောက် ထပ်မံခေါ်ထုတ်ကာ ရုံးခန်းရှေ့တွင် ထောင်ဝန်ထမ်းများအပါအဝင် အခန်းလူကြီးများစုစုပေါင်း ၁၀ ဦးကျော်က နောက်တစ်ကြိမ် ရိုက်နှက်ခဲ့ကာ မွန်းလွဲ ၃ နာရီတွင် နိုင်ငံရေးအကျဥ်းသား ၄ ဦးအား တိုက်ပိတ်အပြစ်ပေးခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
“ရိုက်နှက်ပြီးတော့လည်း ခေါ်ထုတ်သွားတဲ့အချိန်မှာ ရိုက်နှက်ပြီးခေါ်သွားတယ်။ ထောင်အခေါ် မိန်းဂျေး၊ ဘူးထဲမှာ တိုက်မပိတ်ခင်ကာလတစ်ခုထိကို ရိုက်နှက်ခဲ့တယ်။ အဓိ ကကတော့ ရန်ဖြစ်တယ်ဆိုရင်တောင် တားဆီးခြင်းမရှိဘဲ ဝင်ရိုက်တယ်ဆိုတာ လုံးဝမလုပ်သင့်ပါဘူး။ ထောင်ရဲ့ဥပဒေမှာလည်း ပြဋ္ဌာန်းထားခြင်းမရှိပါဘူး” ဟုဆိုသည်။
အဆိုပါ ရိုက်နှက်ခံရမှုကြောင့် အကျဉ်းသား ကိုထက်၊ ထွေးလေး၊ မြတ်နိုးမောင် ခေါ် အာနိုး နှင့်ကိုသော်ဇင်ဦးတို့သည် နဖူးကွဲ၊ ခေါင်းကွဲ၊ကျောပြဲ၊ မျက်နှာဖူးရောင်
ဒဏ်ရာများရရှိခဲ့သည်။
လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်လည်း အလား တူဖြစ်ရပ်မျိုး အင်းစိန်ထောင်အတွင်းဖြစ်ပွားခဲ့ဖူးပြီး နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် ရိုက်နှက်တိုက်ပိတ်ခံခဲ့ရကာ အင်းစိန်ထောင်တွင် အမေးအမြန်းမရှိ ရိုက်နှက်သောဖြစ်စဥ်များဆက်တိုက်ဆိုသလိုဖြစ်ပွားလျက်ရှိသည်ဟု PPNM ကထုတ်ပြန်ထားသည်။
အာဏာသိမ်းကာလကစ၍ မတ်လ ၁ ရက်အထိ အာဏာ သိမ်းမှုဖြစ်စဉ်နှင့်ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆,၂၁၀ ဦးရှိပြီး ၂၀,၁၄၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်က ၈,၈၂၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3613
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8083