မုံရွာရဲစခန်းတွင် အကျဥ်းသား ၁ ဦး အဆုံးစီရင် ကျန်အကျဥ်းသား ၃၀၀ ကျော် လူ့အခွင့်အရေးချိုးဖောက်ခံနေရ
***********************************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အမှတ် ၁ ရဲစခန်းတွင်ဖမ်းဆီးခံထားရသည့် အကျဥ်းသား LGBT ၁ ဦး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သလို အခြားအကျဉ်းသားများကိုလည်း ၁ နှစ်ကျော်ကြာသည်အထိ ရုံးထုတ်စစ်ဆေးခြင်းမရှိဟု အကျဉ်းထောင်နှင့်နီးစပ်သူများထံက သိရသည်။
အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် LGBT ကိုသူရ ကို ရဲဝန်ထမ်းများက ခွဲခြားဆက်ဆံခြင်း၊ ရိုက်နှက် နှိပ်စက်ခြင်းများပြုလုပ်ခဲ့သဖြင့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြိုးဆွဲချကာ မိမိကိုယ်ကိုအဆုံးစီရင်သွားခြင်းဖြစ်သည် ဟု မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုရှင်းသန့် က သံလွင်ခက် ကိုပြောသည်။
“လိင်ပိုင်းဆိုင်ရာမတူကွဲပြားမှုကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံတာမျိုးလုပ်တယ်။ မတရားသဖြင့် ရိုက်နှက်နှိပ် စက်တယ်။ သူ့ကိုယ်သူစိတ်ဓာတ်ကျပြီး အဆုံးစီရင်သွားတာပေါ့နော်။ စခန်းမှာတာဝန်ကျတဲ့ ဒုရဲအုပ် မို့မို့လွင် ကို အကြောင်းကြားတဲ့အခါမှာလည်း ဖြေရှင်းပေးခဲ့ခြင်းမရှိဘူး” ဟုဆိုသည်။
အမှတ် ၁ ရဲစခန်းရှိ အမျိူးသားအချုပ်ခန်းတွင် ၇၀ ဦး၊ အမျိုးသမီးအချုပ်ခန်းတွင် ၂၅ ဦးနှင့် လျှောက်လမ်းဟု ခေါ်ဆိုသည့် ကော်ရစ်ဒါတွင် ၂၅၀ ဦး စုစုပေါင်း အကျဉ်းသား/သူ ၃၄၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိရ သည်။
ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း အမှတ် ၁ ရဲစခန်းက အကျဉ်းသား ၇ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ် ကြောင်းနှင့်အတူခေါ်ဆောင်သွားခဲ့ပြီးနောက် အဆိုပါအကျဉ်းသားများ ပြန်လည်ရောက်ရှိလာခြင်းမရှိဟုလည်း ကိုရှင်းသန့်က ဆက်လက်ပြောဆိုသည်။
အဆိုပါ အကျဉ်းသား ၃၄၅ ဦးထဲတွင် ၁ နှစ်ကျော်ကြာသည်အထိ တရားရုံးသို့စွဲချက်မတင်ဘဲ ရဲစခန်းအချုပ်ခန်း တွင်း၌သာ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်-PPNM က ထုတ်ပြန်ထားသည်။
လုပ်ထုံးလုပ်နည်းအရဆိုလျှင် သံသယရှိသူကိုဖမ်းဆီးပြီးလျှင် ရဲတပ်ဖွဲ့က တရားရုံးကိုတရားလိုအနေဖြင့် ၂၄ နာရီ အတွင်းလျှောက်ထားကာ တရားစွဲဆိုရမည်ဖြစ်သော်လည်း ယခုလုပ်ရပ်များက လုပ်ထုံးလုပ်နည်းနှင့် သွေဖီနေသည်ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က ပြောသည်။
“ပုံမှန်ဆို ဖမ်းဆီးပြီး ၂၄နာရီအတွင်း တရားစွဲဆိုရတယ်။ ရဲက တရားလိုအနေနဲ့ အမှုတင်ရတယ်။ နောက်ပိုင်း စစ်ကြောရေးတွေများလာတဲ့အခါမှာ ၂ လ ၃ လလောက်နေရင် ထောင်ကိုပို့ပြီး ၂ ရက်လောက်အကြာမှာ တစ်ခါထဲ ဘယ်ပုဒ်မနဲ့တရားစွဲတယ်လို့ အသိပေးရတယ်။ အခုက ရုံးထုတ်ပြစ်ဒဏ်မခံယူရသေးဘူး။ အသက်သေဆုံးခဲ့ရင် တောင် သူတို့ရဲ့မှတ်တမ်းတွေက ပျောက်နေမှာဖြစ်တယ်” ဟုဆိုသည်။
အမှတ် ၁ ရဲစခန်းရှိ အချုပ်ခန်းတွင် ဖမ်းဆီးခံရသောအကျဉ်းသားများသည် တကိုယ်ရည်လဲလျောင်းစရာနေရာ အလုံအလောက်မရရှိသလို အစားအသောက်အတွက်လည်း ငွေကြေးကုန်ကျမှုများရှိနေကာ အကျဉ်းထောင်၌ အကျဉ်းကျခံနေရသည်ထက် ပိုမိုဆိုးရွားသည့် အနေအထားမျိုးဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
မုံရွာ အမှတ် ၁ ရဲစခန်းနှင့် အမှတ် ၂ ရဲစခန်းသည် တော်လှန်ရေးအင်အားစုများ၏ ဒရုန်းဖြင့် မကြာခဏတိုက် ခိုက်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများဖြင့် ရင်ဆိုင်နေရသောကြောင့် အကျဉ်းသားများကို ဓားစာခံအနေဖြင့် ဖမ်းဆီး ထားခြင်းလည်းဖြစ်နိုင်သလို လူသားဒိုင်းအဖြစ် အသုံးပြုရန်အတွက်လည်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။
စစ်တပ်အာဏာသိမ်းချိန်ကစ၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၆,၂၀၂ ဦးရှိကာ ၂၀,၁၅၄ ဦးမှာ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၈,၈၂၃ ဦးမှာ ထောင်ဒဏ်ချမှတ် ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ၏ ထုတ်ပြန်ချက်အရသိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3582
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8021