ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသား ၁ ဦးသေဆုံး
*************************************
သဇင်
ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။
ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ ၊ မယ်ပဟိုင်းဝေးကားလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် ဒဂုံ တက္ကသိုလ်ကျောင်းသား ၁ ဦးသေဆုံးခဲ့သည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံက သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက် မနက် ၇ နာရီခန့်တွင် မဲဆောက်မြို့တွင်းမှ မယ်ပသို့ စက်ဘီးဖြင့် အလုပ်သွားသော မောင်အောင်မိုးသက် (ခေါ်)ဘဲဥသည် ယာဉ်တိုက်မှုဖြစ်သည့်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။
ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ ၁ ဦးက “သေဆုံးသူက မယ်တောင်ကနေ မယ်ပဘက်ကို စက်ဘီးနဲ့ အလုပ်သွားတာ။ မယ်ပဟိုင်းဝေးလမ်းမပေါ်မှာ အနောက်ကအတိုက်ခံရတာ။ လွင့်ထွက်သွားတယ်ပြောတယ်။ နေရာမှာတင်ပွဲချင်းပြီးပဲ” ဟုဆိုသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အတွင်း သေဆုံးသူ မောင်အောင်သက်မိုး အပြင် ဆိုင်ကယ်မောင်းလာသူ နောက်ထပ် ၁ ဦးလည်း အတိုက်ခံရကာ မြောင်းထဲသို့လွင့်စင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သေးသည်ဟု ၎င်းကဆို သည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် သေဆုံးသူ မောင်အောင်မိုးသက်နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်မောင်းနှင် သူတို့အား မယ်တော်ဆေးရုံသို့ ပို့ဆောင်ပေးထားသည်ဟု ကူညီသူများထံက သိရသည်။
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့တွင်နေထိုင်သူ မောင်အောင်မိုးသက်သည် ဒဂုံတက္ကသိုလ်ကျောင်းသား ၁ ဦး ဖြစ်ခဲ့ သည့်အပြင် ဆံပင်ကိုရက်ဂေးပုံစံကျစ်ထားလေ့ရှိပြီး နှာခေါင်းတွင်ကွင်းဖောက်ထားသူဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက လူငယ်အများအပြား ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည့်အတွက် ရရာအလုပ်လုပ်ကိုင်ကာ ရှင်သန်ရုန်းကန်နေကြရသည်။
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – မဲဆောက်လမ်းမကြီးတစ်နေရာ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3574
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8018