KIA သိမ်းပိုက်ထားသည့်ဗျူဟာကုန်းရှိရာကျေးရွာကို စစ်ကောင်စီတပ်ပြန်လည်ဝင်ရောက်
*******************
ထွယ်
ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။
စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်၊ မံစီမြို့နယ် စီခမ်းကြီးကျေးရွာကို ယနေ့နံနက်အစောပိုင်းက ပြန်လည်ဝင် ရောက်ခဲ့သည်ဟု ကာကွယ်ရေးရှေ့တန်းရဲဘော်များထံက သိရသည်။
ယနေ့နံနက် ၅ နာရီခန့်က စီခမ်းကြီးကျေးရွာနှင့် ၅ မိုင်ခန့်ဝေးသည့် သံတံတားကျေးရွာကို လေကြောင်းဖြင့် လာ ရောက်ပစ်ခတ်ခဲ့ပြီး စီခမ်းကြီးကျေးရွာ ရွာသစ်ကိုဝင်ရောက်ခြင်းဖြစ်သည်ဟု ရှေ့တန်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်) တောထဲကနေ ရွာထဲကို ပစ်ပြီးဝင်တာ။ စခန်းကိုလည်း ဝင်မယ်ထင်ပါ တယ်။ လောလောဆယ်တော့ ရွာသစ်ထဲရှိနေကြတုန်း” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် လေကြောင်းဖြင့်ပစ်ခတ်ရုံတင်မက စီခမ်းကြီးကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် မိနစ် ၂၀ ခန့်ပစ်ခတ်ပြီး ဝင်ရောက်သွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ စီခမ်းကြီးကျေးရွာတွင် စစ်ကောင်စီ၏ဗျူဟာကုန်းစခန်းရှိပြီး ထိုစခန်းကို လွန်ခဲ့သည့်ရက်သတ္တပတ်က ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်တို့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီတပ်သည် ၎င်းတို့လက်လွှတ်ခဲ့ရသည့် အဆိုပါစီခမ်းကြီးစခန်းပြန်လည်ရရှိရန် ဖေဖော်ဝါရီ ၂၇ ရက် က လည်း ခြေလျင်အင်အား ၅၀ ခန့်ဖြင့် စီခမ်းကြီးကျေးရွာဘက်တွင် စစ်ရေးလှုပ်ရှားနေစဉ် သံတံတားကျေးရွာ၌ ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်လာရောက်ပစ်ခတ်ခဲ့ပြီး စီခမ်း ကြီးကျေးရွာရှိဒေသခံများ တိုက်ပွဲတိမ်းရှောင်နေရသည်မှာ ၂ ပတ်ခန့်ရှိပြီလည်းဖြစ်သည်။
အဆိုပါ ဒေသခံများသည် ၎င်းတို့ဆွေမျိုးရှိရာသို့ ရွှေ့ပြောင်းနေနေကြရပြီး မံစီမြို့အပါအဝင် ဗန်းမော်မြို့ရှိ ဘုရား ကျောင်းဝန်းများနှင့် သိမ်မဟာဘုရားဝန်းတွင်း၌လည်း တိုက်ပွဲတိမ်းရှောင်နေကြရသည်ဟု တိုက်ပွဲရှောင်လာသည့် စီခမ်းကြီးဒေသခံများကို ကူညီပေးနေသည့် အမျိုးသမီး ၁ ဦးက ပြောသည်။
၎င်းက “မီးမလောင်လို့ကျန်ခဲ့တဲ့အိမ်တွေဆီက ပစ္စည်းသွားသိမ်းကြတာပဲရှိတယ်။ တချို့ကျတော့ မီးမလောင်ဘဲ ကျန်နေမလားဆိုပြီး သွားကြည့်ကြတာ။ နေ့ချင်းပြန် တစ်ညအိပ်သွားကြတာ။ ရွာထဲနေတာမျိုးတော့ မရှိဘူး။ ရှောင်နေကြသေးတယ်” ဟု ပြောသည်။
လက်ရှိမှာတော့ သိမ်မဟာဘုရားဝန်းတွင် စစ်ရှောင်နေသူ စီခမ်းကြီးဒေသခံလူဦးရေ ၅၀၀ ခန့်ရှိသည်ဟုလည်း ၎င်းက ပြောသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ စီခမ်းကြီးကျေးရွာတွင် အိမ်ထောင်စု ၄၀၀ ကျော်ရှိပြီး လူဦးရေ ၂,၀၀၀ ကျော်ရှိ သည့် ကျေးရွာဖြစ်သည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3583
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8024