စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများပြားနေ
********************************
သဇင်
ဖေဖော်ဝါရီ ၂၁၊၂၀၂၄။
အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီကပြဋ္ဌာန်းလိုက်ပြီးနောက် ထိုင်းနိုင်ငံကို တရား မဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများပြားနေသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေများထံက သိရသည်။
စစ်မှုထမ်းဥပဒေကိုရှောင်ရှားရန် ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်လာသူမြန်မာနိုင်ငံသားများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိုင်းဝန်ကြီးချုပ် ဆရီထာ ထာဝီဆင် က ပြောဆိုခဲ့သည် ဟု ထိုင်း သတင်းဌာန Bangkok Post က ဖော်ပြသည်။
အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည်ဟူသော “ပြည်သူ့စစ်မှုထမ်းဥပဒေ”ကို စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြဋ္ဌာန်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနယ်စပ်အသီးသီးကနေ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင် ရောက်လာသူများ ပိုမိုများပြားလာနေသည့်အတွက် ထိုင်းဝန်ကြီးချုပ် က ယခုလို သတိပေးလိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၁ ရာခိုင်နှုန်းအောက်တွင်ရှိနေပြီး အိမ်နီးချင်းနိုင်ငံများက အလုပ်သမားအများ အပြားလိုအပ်နေသော်လည်း ပြောင်းရွှေ့လာသူများအနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရမည်ဟု ထိုင်းဝန်ကြီးချူပ်က ပြောဆိုထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံဝင်ပေါက်များတွင် လုံခြုံရေးတိုးမြှင့်ချထားပြီး မြန်မာနိုင်ငံက တရားမဝင်ဝင်လာသူများအား နည်းလမ်း ၂ မျိုးဖြင့် ဖြေရှင်းသွားနိုင်သည်ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေး ကျွမ်းကျင်သူ ၁ ဦးဖြစ်သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း – FED ၏ အမှုဆောင်ဒါရိုက်တာဦးထူးချစ်က သံလွင်ခက်ကို ပြော သည်။
၎င်းက “သူတို့တချို့တရားမဝင်ဝင်လာသူတွေကို ပြီးခဲ့တဲ့နှစ်တွေက လုပ်ပေးသလိုမျိုး Name List လို နာမည် စာရင်းသွင်းပြီး ပန်းရောင်ကတ်လုပ်ပေးတဲ့ အနေtထားမျိူးတွေလည်း ရှိလာနိုင်တယ်။ ပြီးတော့လူစုလူဝေးနဲ့ ဖမ်းဆီးပြီး မြန်မာနိုင်ငံ ပြန်ပို့တာမျိုးလည်းလုပ်နိုင်တယ်” ဟုဆိုသည်။
အမှတ် ၁ တံတားကနေ (Border Pass) နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် ဝင်ရောက်သူများကိုလည်း အဖွဲ့ ၂ ဖွဲ့ ခွဲကာ လက်မှတ်ထုတ်ပေးနေပြီး အသစ်ဝင်ရောက်လာသူများကို စစ်ဆေးရေးတင်းကြပ်လျက်ရှိသည်ဟု လူကိုယ် တိုင်သွားရောက်ကာ သက်တမ်းတိုးခဲ့သူ ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက “ ခုလက်ရှိမှာ အသစ်နဲ့ အဟောင်းကို ၂ ဖွဲ့ခွဲထားတယ်။ အဟောင်းဆိုရင် နံပါတ် ၄ ဂိတ်မှာ တစ်ခါတည်းကတ်ထုတ်ပေးပြီး တုံးထုတယ်။ အသစ်ဆိုရင် နံပါတ် ၁ ကနေ စဝင်ရတာပေါ့ ။ စစ်တာကတော့ အဟောင်းတွေကို သိပ်မစစ်ပါဘူး။ အသစ်ဆိုရင်တော့ စစ်တယ်” ဟု ဆိုသည်။
ထိုကဲ့သို့သော အခြေအနေများကြောင့် ထိုင်းဘက်ခြမ်းကိုဝင်ရောက်ရာတွင် စိုးရိမ်မှုများရှိနေသည့်အတွက် တရား မဝင်လမ်းကြောင်းကိုသာရွေးချယ်ရန် စီစဉ်ထားသည်ဟု ထိုင်းနိုင်ငံကိုလာရောက်ရန်စီစဉ်နေသူများက ဆိုသည်။
ထိုင်းနိုင်ငံသို့လာရောက်ရန်စီစဉ်နေသည့် ဘားအံဒေသခံ ၁ ဦးက “ကျွန်တော်ကတော့ ထိုင်းကို တစ်ခါမှ မသွားဖူးပါဘူး။ အခု အပေါ်လမ်းက တံတားကသွားမယ်ဆိုရင်လည်း စစ်ဆေးတာတွေအများကြီးလို့ ကြားရတယ်။ နောက် တစ်ခါမှမသွားဖူးတဲ့သူဆို တံတားမှာ မှတ်ပုံတင်သိမ်းမယ်။ ပြန်လာမှ သူတို့ဆီမှာပြန်လာရွေးရမယ်လို့ လည်း ကြားတယ်။ သူတို့သတ်မှတ်ထားတဲ့ အသက်အကန့်အသတ်မှာပါနေတော့ ဖမ်းခံထိမှာလည်း ကြောက် တယ်” ဟု ဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်း ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်ဆာဝန်ပြည်နယ်၊ တက်ခ်ဖြားမြို့နယ်၊ ဆုဆမ်ရမ်ကျေးရွာအုပ်စု ၊ အဝေးပြေးလမ်းမကြီးအမှတ် ၁၁ အနီး ၊ ပီတီဓာတ်ဆီဆိုင်မှ ကား ၂ စီးဖြင့်လိုက်ပါ လာသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၁ ဦး ဖမ်းဆီးခံခဲ့ရသည်။
ယင်းအပြင် ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖွန်ပြည်နယ်၊ ဖတိုမြို့နယ်၊ ဆောင်ခ ဆောင်ခွန်လမ်းမပေါ်က နယ်ခြားစောင့် ရဲတပ်စစ်ဆေးရေးဂိတ်တွင် တရားမဝင် မြန်မာလုပ်သား ၇ ဦးကို ဖမ်းမိခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းသည့် ၃ နှစ်အတွင်း ထိုင်းနိုင်ငံကို တရားဝင်လာရောက်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ဦးရေ ၄ သိန်းကျော်ရှိပြီး တရားမဝင်ဝင်ရောက်သူများမှာလည်း သိန်းနှင့်ချီရှိနိုင်သည်ဟု မြန်မာရွှေ့ပြောင်း အလုပ် သမားအရေး လုပ်ဆောင်နေသူများထံက သိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3459
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7827