ဆီဆိုင်မြို့သို့ ပစ္စည်းဝင်ယူသူများ စစ်ကောင်စီပစ်ခတ်မှုကြောင့် ၇ ဦးသေဆုံး
*****************************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၄ ။
ဆီဆိုင်မြို့သို့ ပစ္စည်းဝင်ယူသူများကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၇ ဦးသေဆုံးခဲ့ရသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ယနေ့တွင်သတင်းထုတ်ပြန်သည် ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဆီဆိုင်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ တစ်လနီးပါးကြာနေပြီးဖြစ်သောကြောင့် ယမန်နေ့ နံနက် ၆ နာရီတွင် ပြည်သူတချို့မှာ ပစ္စည်းများ ပြန်ဝင်ယူခဲ့ကြသည်။
ဆီဆိုင်မြို့သို့ ပစ္စည်းပြန်သယ်ရန် ပြန်လာသည့် ပြည်သူလူထုကားတန်းကို စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည် ။
ပစ္စည်းသယ်ရန်ပြန်လာသည့် ပြည်သူများ၏ ကားတန်းသည် ဆီဆိုင်မြို့နှင့် တဆက်တစပ်တည်းတည်ရှိသည့် ဝါးတောရွာအနီးအရောက်တွင် စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၇ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်ရသူများလည်း ရှိသည်ဟု PNLA က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် အရပ်သားပြည်သူများကိုပါ ရန်သူအဖြစ်သတ်မှတ်ကာ တိုက်ခိုက်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်သည်ဟု PNLA က သတိပေးထားသည်။
မိဘပြည်သူများအနေဖြင့်လည်း အွန်လိုင်းပေါ်မှ သတင်းအမှားများ အခြေအမြစ်မရှိသည့် သတင်းများကို ယုံကြည်ပြီး မြို့အတွင်းရှိ နေအိမ်ပြန်ခြင်း ပစ္စည်းသယ်ခြင်းများ မပြုလုပ်ကြရန် နှင့် PNLAက အထူးတိုက်တွန်းထားသည်။
ယမန်နေ့တွင်ပင် စစ်ကောင်စီသည် ပြည်သူကားတန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဆိုက်ခေါင်အရှေ့ဘက်ရှိ နေရာများကို လေယာဉ်သုံးစီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ် ၆၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု PNLA က ထုတ်ပြန်ထားသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3414
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7784