ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် ဆရာ မြသန်းတင့်
***********************
သံလွင်ခက်
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄။
ဆရာကြီး မြသန်းတင့် သည် မြန်မာစာပေလောကတွင်
သြဇာကြီးမားသူတစ်ယောက်ဖြစ်သည်။ ဘာသာပြန်စာပေများရေးသားခဲ့ရုံသာမက ပင်ကိုယ်ရေးစာပေ အများအပြားကိုလည်း ရေးသားခဲ့သူတစ်ယောက်ဖြစ်သည်။
ဆရာကြီး မြသန်းတင့် ကို ၁၉၂၉ ခုနှစ်၊ မေလ ၂၃ ရက်က မြိုင်မြို့တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်အရွယ်က တည်းက ဖက်ဆစ်တော်လှန်ရေး မြေအောက် ကလာပ် စည်းအဖွဲ့များနှင့်ဆက်သွယ်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
၁၉၄၃ ခုနှစ်တွင် ဆရာကြီးသည် အာရှလူငယ်အဖွဲ့တွင် ပါဝင်ခဲ့၍ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာတော့ အထက်မြန်မာပြည် ဖဆပလအဖွဲ့ချုပ်တွင် အချိန်ပြည့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၄၈ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည့်အပြင် ၁၉၅၆ ခုနှစ်တွင် ဥပဒေဘွဲ့ ထပ်မံရရှိခဲ့သည်။
လယ်သမားများ သီးစားခမပေးရရေး တိုက်ပွဲတွင် အင်္ဂလိပ်အစိုးရသိမ်းယူထားသည့် လယ်သမားများ၏ ပစ္စည်းများအား ပြန်လုယူပေးခဲ့သည့်အတွက်ဆရာ မြသန်းတင့် ပေါ်အပြစ်ဒဏ်ကျရောက်ခဲ့သည်။
မြင်းခြံခရိုင်မှာတော့ အင်္ဂလိပ်အလိုတော်ရိများနှင့် မြေ ရှင်တွေက မြသန်းတင့် ခေါင်းကိုဖြတ်နိုင်ရင် ဆုကြေးငွေပေးမယ်ဟု ကြေညာခဲ့ပါသည်။
ဆရာကြီးသည် မြင်းခြံခရိုင်တွင် အလုပ်သမားသမဂ္ဂနှင့် လယ်သမားသမဂ္ဂ၌ အလုပ်အမှုဆောင်အဖြစ် ဆောင် ရွက်နေရင်း ဖြူးမြို့တွင်ကျင်းပနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖြူးလယ်သမား ကွန်ဂရက်ကြီးကို တက်ရောက်ခဲ့ သေးသည်။
၁၉၄၉ ခုနှစ်တွင် ဆရာကြီးပထမဆုံးရေးသားသည့် “ဒုက္ခသည်” ဝတ္ထု တာရာမဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသည်။
၁၉၅၀ ခုနှစ်မှာတော့ စာပေသည် ပြည်သူ့အတွက်ဆိုသည့် ကြွေးကြော်သံဖြင့် “စာပေမဂ္ဂဇင်း” ကို ဆရာကြီး ဒဂုန်တာရာ၊ ဆရာကြီး ကျော်အောင်တို့နှင့်အတူ ဦးဆောင် ထုတ်ဝေခဲ့ပါသည်။ ထို့နောက်မှာတော့ ဂေါ်ကီရဲ့ အတ္ထုပ္ပတ္တိကို ထုတ်ဝေခဲ့သည်။
၁၉၅၃ ခုနှစ်တွင် ပင်ကိုယ်ရေးလုံးချင်းဝတ္ထုဖြစ်သည့် “မေတ္တာအသင်္ချေ”ကို ရေးသားခဲ့သည်။
၁၉၅၅ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သည့် ပြည်တွင်းငြိမ်းချမ်းရေးဗဟိုကော်မတီ၌ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၆၀ ခုနှစ်တွင်ရေးသားခဲ့သည့် “နွံထဲက ကြာ” ဝတ္ထုမှာတော့ ကလောင်အမည်ကို မြသန်း ကနေ မြသန်းတင့် ဟု ပြောင်းလဲခဲ့ပါသည်။
“နွံထဲက ကြာ” ဝတ္ထုကို စာရေးဆရာကြီး သိန်းဖေမြင့် နှင့်
အတူ ပူးတွဲရေးသားခဲ့ခြင်း ဖြစ်သည်။
၁၉၆၁ ခုနှစ်မှာတော့ ဆရာကြီးသည် ဆွီဒင်နိုင်ငံ၌ ကျင်းပသည့် ငြိမ်းချမ်းရေးအစည်းအဝေးကို တက်ရောက်ခဲ့သည်။
ဆရာကြီး ရေးသားခဲ့သည့် ဘာသာပြန်စာပေများထဲတွင်
“စစ်နှင့် ငြိမ်းချမ်းရေး”၊ “လေရူးသုန်သုန်”၊ “ခန်းဆောင်နီ အိပ်မက်” စသည့် စာအုပ်များနာမည်ကြီးသည်။
ပင်ကိုယ်ရေးအနေဖြင့်ဆိုလျှင်မူ “မေတ္တာ အသင်္ချေ”၊ “လိုက်ခဲ့တော့ မြနန္ဒာ” ၊ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်”စသည့် စာအုပ်များ နာမည်ကြီးသည်။
ဆရာကြီးသည် ၁၉၆၃ ခုနှစ်တွင် မဆလအစိုးရ၏ ဖမ်း ဆီးအကျဉ်းကျခြင်းခံခဲ့ရပြီး ကိုကိုးကျွန်းတွင် ၃ နှစ်ကြာ နေထိုင်ခဲ့ရသည်။
ဆရာကြီး မြသန်းတင့် သည် အသက် ၆၉ နှစ်အရွယ် ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဦးနှောက်သွေးယိုစီးသည့်ရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3401
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7757