တရုတ်ကို အိမ်နီးချင်းကောင်းဟု စစ်ခေါင်းဆောင် ဆိုလာပြန်
****************
ကောင်းချစ်အောင်
ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄။
မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် အိမ်နီးချင်းကောင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ယမန်နေ့တွင် ပြုလုပ်သည့် တရုတ်နှစ်သစ်ကူးပွဲတော်၌ ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင်ကျင်းပခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့်အတူ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန်သည့်လမ်းကြောင်းအတိုင်းရပ်တည်ပေးလျက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးတို့၏ မိတ်ကောင်း ဆွေမွန်ပီသမှုအတွက် အထူးပင်ကျေးဇူးတင်ရှိသည်ဟု နှစ်သစ်ဆုမွန်ကောင်းစကားပြောကြားရာတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် တရုတ်အစိုးရက အမြစ်ဖြတ်လိုသည့် Online လောင်းကစားမှုများနှင့် Online လိမ်လည်မှုများနှိမ်နင်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိနေသည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်တွင် စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “၁၀၂၇ စစ်ဆင်ရေး” ၏နောက်ကွယ်တွင် တရုတ်က ထောက်ပံ့ပေးနေပြီး “၁၀၂၇ စစ်ဆင်ရေး”က ကျူးကျော်စစ် ဖြစ်သည်ဟု တံဆိပ်ကပ် ပြောဆိုခဲ့ဖူးသည်။
နိုဝင်ဘာလတတိယအပတ်အတွင်း ပေါ်ပေါက်လာခဲ့သည့် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်လည်း စစ်ကောင်စီကျောထောက်နောက်ခံပေးထားသည့် မျိုးချစ်အဖွဲ့များက တရုတ်နိုင်ငံ၏ စွက်ဖက်မှုအပေါ် မေးခွန်းထုတ်မှုများ ပေါ်ပေါက်ခဲ့သည်။
ဓာတ်ပုံ – CINCDS
ပုံစာ – စစ်ခေါင်းဆောင်ကို ဇနီးဖြစ်သူနှင့်အတူ တရုတ်နှစ်သစ်ကူးပွဲတော်တွင် တွေ့ရစဉ်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3406
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7770