မြစ်ကြီးနားမြို့က လူငယ်များဖမ်းဆီးခံရ
***************
ထွယ်
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူ၊ နောင်ရာရပ် ကွက်ရှိ ကွင်းပြင်တွင်ထိုင်နေသည့် လူငယ်အမျိုးသား ၅ ဦးကို ယမန်နေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ က လာရောက်ဖမ်းဆီးခဲ့သည်ဟု ရပ်ကွက်နေဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိမ်စီးကား Pajero အဖြူဖြင့် လူငယ်များထိုင်နေသည့်ကွင်းပြင်သို့ အရပ်ဝတ်များဖြင့်ဆင်းလာကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးစဉ် လွတ်မြောက်လာသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
“ကျွန်တော်တို့လည်း အစက ရန်သူတွေမှန်းမသိဘူး။ သူတို့ကို ဒီတိုင်းကြည့်နေတဲ့အချိန် သူတို့ထဲက ၁ ယောက်က ရဲအသုံးအဆောင်ပစ္စည်းတွေလွယ်ထားပြီး ဆင်းလာတာ။ အဲ့ချိန်မှ ရန်သူတွေပဲ ပြေးကြမယ်ဆိုပြီး ကျွန်တော်တို့ဝိုင်းအရင်ပြေးတာပဲ။ ပြေးပြီး လမ်းအပေါ်ကနေ သူတို့ကို ပြန်လှည့်ကြည့်တော့ သူတို့ကားရပ်တဲ့ရှေ့တည့်တည့် ဝိုင်းမှာထိုင်နေတဲ့ ၅ ယောက် ပါသွားကြပြီ။ ဆိုင်ကယ်တောင် ဟိုကောင်တွေ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ပဲ မောင်းသွားကြတာ” ဟု ၎င်းက ပြောသည်။
မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံလူငယ်များကို ဖမ်းဆီးမှုများပြုလုပ်နေပြီး အချို့ကို ငွေ ကြေးဖြင့် လာရောက်ခေါ်ယူရန် ပြောကြားမှုများလည်း ရှိသည်ဟု မြစ်ကြီးမြို့ဒေသခံ အမျိုးသမီးက ပြောသည်။
“မနေ့ည ၇ နာရီခွဲမှာ ဆိုင်ကယ်သွားပို့တယ်ဆိုပြီး အဆက်အသွယ်ပြတ်သွားတာ။ ဖုန်းပြန်ဆက်လာတော့ သိန်း ၃၀ နဲ့ လာရွေးပါဆိုပြီးပြောလာတယ်။ ဖမ်းသွားတာတော့ သေချာသွားတာပေါ့” မိသားစုနဲ့ နီးစပ်သူက ပြောသည်။
အာဏာသိမ်းပြီး ၃ နှစ်ကြာပြီးနောက် စစ်ကောင်စီသည် အသက်ပြည့်ပြီးနိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။
တော်လှန်ရေးကာလအတွင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့်သာမက ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်ပါ တိုက်ပွဲပြင်းထန်နေသည့် စစ်ကောင်စီတပ်သည် စစ်ရေးတွင် အဘက်ဘက်က ရှုံးနိမ့်ကာ လူအင်အားနည်း ပါးလာသည့်အတွက် ယခုကဲ့သို့ ဥပဒေကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
အဆိုပါ ဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်သည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းအပါအဝင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်လည်းပေါ်တာဆွဲ (ဖမ်းဆီးမှု) များ ပြုလုပ်လျက်ရှိသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3400
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7754