နဂါးနီစစ်ကြောင်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲပြုလုပ်
****************
နန်းဆုပန်ခန့်
ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄။
တောင်ပိုင်းတိုင်းစစ်ဒေသ၊ နဂါးနီစစ်ကြောင်း – RDC က အခြေခံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲကို စစ်ရေးပြအခမ်းအနားဖြင့် ပြုလုပ်ခဲ့ပြီး နဂါးနီစစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုဟိန်းက သစ္စာရေတိုက်ခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် စစ်ရေးပြစစ်ကြောင်းဖြင့် ချီတက်အလေးပြုခြင်းစသည့် အစီအစဉ်များဖြင့် ပြုလုပ်ခဲ့သည်။
အပတ်စဉ် ၁ သင်တန်းကို ယခုနှစ် ၁ လပိုင်းမတိုင်ခင်တွင် စတင်ပြုလုပ်ခဲ့ပြီး သင်တန်းကာလအတွင်း သင်တန်း သားများကို အမိန့်နာခံမှုကောင်းမွန်အောင်နှင့် အခြားသိသင့်သောအရာများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့သည်ဟု နဂါးနီစစ်ကြောင်းမှူး bodyguard ရဲဘော် နဂါး က သံလွင်ခက်ကို ပြောပါသည်။
၎င်းက ” သင်တန်းမှာ အဓိကသင်ပေးတာကတော့ အမိန့်နာခံမှုတွေကောင်းအောင်လို့၊ တိုက်ခိုက်ရေးမှာ လုံးဝတော်နေအောင်လို့ပေါ့နော်။ စာတွေ့ရော၊ လက်တွေ့ရော အကုန်လုံးသေချာသင်ကြားပေးတယ်ပေါ့ ” ဟု ပြောသည်။
သင်တန်းသားများကိုလည်း သက်ဆိုင်ရာတာဝန်များ ပေးအပ်သွားမည်ဟု ရဲဘော် နဂါးက ဆိုသည်။
၎င်းက ” သင်တန်းပြီးပြီးသားရဲဘော်တွေကိုတော့ ကျွန်တော်တို့က သက်ဆိုင်ရာတပ်ခွဲတွေမှာ အင်အားဖြည့်ပေး တယ်။ ပြီးတော့ စစ်ကြောင်းလုံခြုံရေးတပ်ခွဲမှာလည်းထားတယ်။ သင်တန်းဆင်းပြီးသားရဲဘော်တွေကို ရှေ့တန်း စစ်မြေပြင်ကို တွဲခေါ်သွားမယ့်အနေအထားမှာရှိတယ်ပေါ့နော် ” ဟု ပြောသည်။
အခြေခံစစ်သင်တန်းကာလအတွင်း ရဲဘော်များ၏ အမိန့်နာခံတတ်မှုနှင့် စည်းကမ်းကောင်းမွန်မှုရရှိစေရန် စစ်ရေး ပြသင်ခန်းစာများ၊ စစ်မြေပြင်ကိုယ်စီသင်ခန်းစာများ၊ အခြေခံစက်ပစ်ကွင်းပစ်ခတ်စဉ်များ၊ တောတွင်းနေထိုင် စားသောက်ခြင်း၊ တပ်စိပ်/တပ်စု တိုက်စစ်သင်ခန်းစာများ စသည်ဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့သည်ဟု နဂါးနီ စစ်ကြောင်း – RDC က ထုတ်ပြန်ထားသည်။
သင်တန်းသား ၁ ဦးကတော့” သင်တန်းကတော့အမြဲတမ်းကြမ်းတမ်းတယ်။ ကိုယ်တွေ့မှာဆိုရင်လည်း တော်တော် လေး ပြည့်စုံတယ်လို့ပြောရမယ်ပေါ့၊ မနက်အစောကြီး ရေစိမ်ရတာတို့ရှိတာပေါ့ ” ဟု ဆိုသည်။
ထို့ပြင် အခြေခံစစ်သင်တန်း အပတ်စဉ် ၂ အတွက် တပ်သားသစ်များခေါ်ယူရန် ကြေညာချက်အား ထုတ်ပြန်သွား မည် ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – နဂါးနီစစ်ကြောင်း
ပုံစာ – သင်တန်းအပတ်စဉ် ၁ သင်တန်းဆင်းပွဲ မြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3338
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7690