ဆေးဖြတ်လူငယ် ၁၂ ဦး အသတ်ခံရမှုအပါအဝင် စစ်ရာဇဝတ်မှုများကို PNFC ရှုတ်ချ
****************************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄။
ဆေးဖြတ်လူငယ် ၁၂ ဦးအသတ်ခံရမှုအပါအဝင် စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC က ထုတ်ပြန်သည်။
PNFC ၏ ပထမအကြိမ်မျက်နှာစုံညီအစည်းအဝေးကို ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၁ ရက်အထိ ပြုလုပ်ခဲ့ပြီး ဆွေးနွေးခဲ့သည့် ရှေ့လုပ်ငန်းစဉ်များကို ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုအချက်များထဲတွင် မှားပြီးသားအမှားများကို နောက်ထပ်အမှားများကျူးလွန်၍ ဖုံးကွယ်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။
ပအိုဝ်းအမျိုးသားဌာနေ၊ ပြည်သူ့စစ်ပြန်လည်ထူထောင်ရေးတပ်စခန်း၊ လူငယ်ထိန်းသိမ်းရေးနှင့် အကျင့်စာရိတ္တ ပြုပြင်ရေးအဖွဲ့ဟု အမည်ရသည့် အောင်ဆုဗွေ – PNA ဆေးဖြတ်စခန်းက လူငယ် ၁၂ ဦးကို ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့ခြင်းနှင့် ပအိုဝ်းအချင်းချင်းပြန်မတိုက်လိုဟု ပြောဆိုခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလ ၄ ရက်တွင် စစ်ကောင်စီက ပစ်သတ်ခဲ့သည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် လူငယ် ၁၂ ဦးသည် ပအိုဝ်းလူမျိုးများဖြစ်ပြီး ပအိုဝ်းပြည်သူများ လွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC ဥက္ကဋ္ဌ ခွန်ထွန်းမြင့်က သံလွင်ခက် ကို ပြောသည်။
၎င်းက “ဆေးဖြတ်တဲ့လူငယ်တွေအပါအဝင် အခု သူတို့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ထုတ်ပြန်ပြီး ပြည်သူ လူထုကို လူသားဒိုင်းအနေနဲ့ အထူးသဖြင့် လူငယ်လူရွယ်တွေကို အသုံးချနေတာဖြစ်ပါတယ်။ မလိုက်နာတဲ့ လူငယ်တွေကိုတော့ အခုလိုပဲ ပစ်သတ်မှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လက်ကိုင်တုတ်တွေအနေနဲ့ အသုံးချခံနေရ တဲ့၊ လူသားဒိုင်းအနေနဲ့ အသုံးချခံနေရတဲ့ ပအိုဝ်းပြည်သူတွေရဲ့လွတ်မြောက်ရေးကိုတော့ ရတဲ့နည်းလမ်းတွေနဲ့ ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟုဆိုသည်။
ပအိုဝ်းလူမျိုးအချင်းချင်းတိုက်ခိုက်ရမည့်အရေးကို အတတ်နိုင်ဆုံးရှောင်ရှားသွားမည်ဖြစ်ကာ PNO ခေါင်းဆောင်များအနေဖြင့် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန်လည်း ဦးခွန်ထွန်းမြင့်က တိုက်တွန်းပြောဆိုသည်။
“ PNO ခေါင်းဆောင်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေရပ်ဆိုင်းပြီးတော့ PNO ဖွဲ့စည်းစဉ် ကတည်းကချမှတ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ မဟာလူမျိုးကြီးဝါဒဆန့်ကျင်တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရပ်တည်ကြဖို့၊ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ ပန်ကြားလိုပါတယ်” ဟုဆိုသည်။
အောင်ဆုဗွေစခန်းတွင် ပအိုဝ်းလူမျိုးများသာမက အနယ်နယ်အရပ်ရပ်ကပြည်သူများ ဆေးလာဖြတ်ကြပြီး ၁ လ ၃ သိန်းဖြင့် ၆ လစာ ကနဦးပေးသွင်းရကာ အနည်းဆုံး ၆ လ မှ ၁ နှစ်ထိ နေထိုင်ရသည်ဟု ပအိုဝ်းအမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ပအိုဝ်းတွေချည်းပဲတော့မဟုတ်ဘူး။ အဲဒီစခန်းက လူမျိုးပေါင်းစုံလက်ခံတယ်။ ၄ ရက်နေ့ည ပစ်ခတ်မှုတွေ ဖြစ်တဲ့အချိန်မှာ စခန်းနဲ့နီးတဲ့အိမ်ကလူတွေက စခန်းအနောက်ပေါက်ကနေ အလောင်းတွေကို ကားနဲ့သယ်ထုတ် သွားတာ တွေ့တယ်လို့တော့ပြောတယ်။ ပအိုဝ်းမဟုတ်တဲ့ကလေးတွေ ဖြစ်ဖို့များတယ်။ ပအိုဝ်းတွေက အဲလို ပြောရဲတဲ့သတ္တိမရှိဘူး။ အဝေးကနေ ဆေးလာဖြတ်တဲ့ကလေးတွေဖြစ်ဖို့များတယ်” ဟုဆိုသည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ခြင်းကြောင့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်ဆီ ဝင်ရောက်စစ်မှုမထမ်းချင်သည့် ပအိုဝ်းလူငယ်များအနေဖြင့်လည်း နီးစပ်သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ဆက်သွယ်ကာ မိမိတို့လုံခြုံရာနေရာများကိုရွှေ့ပြောင်းရန် ဦးခွန်ထွန်းမြင့်က အကြံပေးပြောဆိုထားသည်။
ဆီဆိုင်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလကစတင်ကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF နှင့် PNO ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်း ထန်နေပြီး ဆီဆိုင်မြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်။
ဓာတ်ပုံ – PNA
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3337
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7685