ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေ
**********
ထွယ်
ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကြောင့် သေဆုံးခဲ့ရသည့် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF (UCR) အရာရှိ ၁ ဦး၏ အမှုသည် မှုခင်းဖြစ်ပွားပြီး ၂ ပတ်ခန့်ကြာသည်ထိ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့၊ အနောက်မြောက် ကဘော်ဒေသတွင်ရှိသည့် အမျိုးသားလွတ်မြောက်ရေးတပ်တော် (National Liberation Army – NLA) သို့ CNO/CNDF (UCR) အဖွဲ့က တွေ့ဆုံရန်သွားရောက်ခဲ့သည်။
ထိုအချိန် စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့၊ ကနန်ကျေးရွာတွင် စစ်ဆေးရေးပြုလုပ်နေသည့် တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့နှင့် တွေ့ဆုံကာ လုံခြုံရေးစစ်ဆေးသူနှင့် စစ်ဆေးခံသူအကြား နားလည်မှုလွဲပြီး တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၏ ပစ်ခတ်မှုကြောင့် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF (UCR) အရာရှိ ၁ ဦးဖြစ်သူ အထက်ချင်း တွင်းဒေသ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးအတွင်းရေးမှူး တာဝန်ခံ အသက် ၂၇ နှစ်အရွယ် ဆလိုင်း ဘော်ဘွိုင်း ဦးခေါင်းကျည်ဆံထိမှန်ကာ ကျဆုံးခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တရားစီရင်ခြင်းကို အားရကျေနပ်မှုမရှိဟု အထက်ချင်းတွင်းဒေသ၏ တာဝန်ရှိသူ ၁ ဦးက သံလွင်ခက် ကို ပြောသည်။
“ ဖြစ်ချင်တာတော့ ပြစ်မှုကျူးလွန်သူကို ကျွန်တော်တို့ဆီအပ်စေချင်တာလေ။ မရဘူးဆိုတော့လည်း မပြောတော့ပါဘူး။ သူတို့လည်း သူတို့လူကို ဘယ်လိုစီရင်မလဲတော့မသိဘူး။ ဒါပေမယ့် သူတို့ကိုင်တွယ်ပုံကို အားမရဘူး” ဟု ၎င်းက ပြောသည်။
ယခုဖြစ်စဉ်သည် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးပယောဂကြောင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ နားလည်မှုလွဲမှားသောဖြစ်စဉ်တစ်ခုသာဖြစ်ပြီး ကာယကံရှင်မိသားစုနှင့် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့အဖို့ အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်စေခဲ့သည့် အတွက် ၎င်းတို့မှားယွင်းမှုကို တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် တောင်းပန်ကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သည်။
အမှုဖြစ်စဉ်နှင့် ပတ်သက်၍လည်း ကျူးလွန်သူများကို စစ်ခုံရုံးဖွဲ့ကာ ပြစ်ဒဏ်ပေးမည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟုသာ သိရှိရကြောင်း အထက်ချင်းတွင်းဒေသ၏ တာဝန်ရှိသူ ၁ ဦးက သံလွင်ခက်ကို ပြောသည်။
ချင်းအမျိုးသားအဖွဲ့ချုပ်ကို အထက်ချင်းတွင်းဒေသ၊ ဖလမ်းဒေသနှင့် အိန္ဒိယဒေသဟူ၍ ဒေသ ၃ ခုဖြင့် ဖွဲ့စည်းထားပြီး အဆိုပါဒေသတွင်းရှိ ၎င်းတို့ ချင်းအမျိုးသား များကို ရည်ညွှန်းသည်ဟုလည်း သိရသည်။
အထက်ချင်းတွင်းဒေသတွင် ချင်းတွင်းမြစ်၏ အထက်ပိုင်း ကလေးမြို့နယ်၊ ကဘော်(တမူး)မြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့ ပါဝင်သော်လည်း ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF အနေဖြင့် ကလေးမြို့နယ်၊ ကဘော်(တမူး)မြို့နယ်တို့တွင် အဓိက လှုပ်ရှားလျက်ရှိသည်ဟုလည်း သိရသည်။
ပုံစာ – ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးအတွင်းရေးမှူး တာဝန်ခံ အသက် ၂၇ နှစ်အရွယ် ဆလိုင်းဘော်ဘွိုင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3343
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7698