စစ်ကောင်စီတပ်နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသည့် စွပ်စွဲချက် CNF ငြင်းဆို
*****************
ထွယ်
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄။
ချင်းအမျိုးသားတပ်ဦး – CNF သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသည်ဟူသော စွပ်စွဲချက်များ မဟုတ်မှန်ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သံလွင်ခက်ကို ပြောသည်။
CNF သည် မြန်မာစစ်ကောင်စီနှင့် လျှို့ဝှက်ဆက်သွယ်၍ တွေ့ဆုံဆွေးနွေးရန်ကြိုးပမ်းနေသည်ဟု ဇိုမီးနိုင်ငံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – ZPCC / ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း-ZRA) ၏ ထုတ်ပြန်ချက်သည် စွပ်စွဲချက်တစ်ခုသာဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး – CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သံလွင်ခက်ကို ပြောသည်။
၎င်းက “ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပါ ” ဟု ပြောသည်။
အဆိုပါထုတ်ပြန်ချက်ကို ဇိုမီးနိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – ZPCC/ ဇိုမီးတော်လှန်ရေး တပ်မတော်(အရှေ့ပိုင်းတိုင်း-ZRA) က ဖေဖော်ဝါရီ ၉ ရက်တွင် ချင်းပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း – ZRA) သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အတူတကွလက်တွဲချိတ်ဆက်ရန် ကြိုးပမ်းခဲ့ရာတွင် USDP အစိုးရလက်ထက်၌ ချင်းအမျိုးသားတပ်ဦး – CNF က ZRA ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ – UNFC တွင် အဖွဲ့ဝင်ဖြစ်ရေးက ဟန့်တားခဲ့သည်။
NLD အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ – UPDJC အဖွဲ့ဝင်ဖြစ်ရေးက ဟန့်တားခဲ့ပြီး ဇိုမီးလူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် ခေတ်အဆက်ဆက်တွင် ဟန့်တားပိတ်ပင်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
CNF အနေဖြင့် မူဝါဒပေါ်လစီတူညီသည့် မည်သည့်အဖွဲ့ကိုမဆို ကြိုဆိုလျက်ရှိသည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“ ကျွန်တော်တို့အနေနဲ့ ရပ်တည်ချက်မူ ပေါ်လစီတူညီတဲ့ ဘယ်အဖွဲ့အစည်းမဆို ကြိုဆိုတယ်။ လက်တွဲပါတယ်။ သို့သော် အိမ်နီးချင်းနိုင်ငံရေးမှာ မကင်းရှင်းတဲ့အဖွဲ့အစည်းကိုတော့ CNF အပါအဝင် ညီနောင် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပေါ်လစီနဲ့မညီဘူး။ သူတို့ကို ဒီပေါ်လစီက ဟန့်တားတာပါ။ CNF က ပိတ်ပင်တာမဟုတ် ဘူး” ဟု ပြောသည်။
၎င်းတို့၏ ထုတ်ပြန်ချက်နှင့်ဆက်စပ်ပြီး ဇိုမီးနိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – ZPCC ကို သံလွင်ခက် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။
ဇိုမီးတော်လှန်ရေးတပ်မတော် – ZRA သည် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းလျက်ရှိသည်ဟုလည်း ချင်းအမျိုးသား တပ်ဦး – CNF နှင့် ဒေသအခြေပြုတော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ဇိုမီးတော်လှန်ရေးတပ်မတော် – ZRA သည် ၎င်းတို့အနေဖြင့် မည်သည့်အာဏာရှင်အစိုးရ၊ စစ်တပ်လက်အောက်တွင်မှ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိကြောင်း ဒေသအခြေပြု သတင်းဌာနတစ်ခုတွင် ငြင်းဆိုဖြေကြားခဲ့သည်။
တွန်းဇံမြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာလ ၂ ရက်အထိ စစ်ကောင်စီဦးဆောင်မှုဖြင့် Sweet December ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ZRA တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လုံခြုံရေးတာဝန်ယူနေသည့်ဓာတ်ပုံများ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။
ဇိုမီးတော်လှန်ရေးတပ်မတော် – ZRA သည် ချင်းအမျိုးသားတပ်မတော် – CNA နှင့်တိုက်ပွဲဖြစ်ပွားခြင်းရှိခဲ့သည့်အပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) ၏ တပ်စခန်းကိုလည်း ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၁ ရက်တွင် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ သည်။
ထို့ပြင် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ချင်းအမျိုးသားတပ်ဦး – CNF ဦးဆောင်ဖွဲ့စည်းခဲ့သော ကြားကာလချင်း အမျိုး သားအတိုင်ပင်ခံကောင်စီ – ICNCC နှင့် ချင်းလဲန်းကောင်စီ – CC နှစ်ဖွဲ့စလုံး၏ ဆောင်ရွက်ချက်များသည် ဇိုမီး လူမျိူးများအပေါ်သက်ရောက်မှုမရှိကြောင်းလည်း ထည့်သွင်း ရေးသားထားသည်။
ဇိုမီးလူမျိုးများသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် ပြဋ္ဌာန်းထားသည့် ဇိုမီးပဋိညာဉ် ရည်မှန်းချက် အောင်မြင်နိုင်ရန်အတွက် ဖက်ဒရယ်ကျကျ ဆက်လက်ချီတက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3327
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7670