ပြည်သူ့စစ်မှုထမ်းဥပဒေကို တော်လှန်ရေးအတွက် အားသာချက်အဖြစ် အသုံးချရန်လို
****************************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄။
စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြည်တွင်းရှိ ပြည်သူများအတွက် ရှောင်ရှားရန် မလွယ်ကူသောကြောင့် တော်လှန်ရေးအတွက် အထောက်အကူဖြစ်အောင်သာ ဆောင်ရွက်ကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းပြောဆိုထားကြသည်။
စစ်တပ်အတွင်း ဝင်ရောက်စစ်မှုထမ်းစဉ် စစ်ကောင်စီ၏ brain wash ( ဦးနှောက်ဆေးခြင်း)ကို ချင့်ချိန်ယုံကြည်ဖို့ လိုအပ်ပြီး ပြည်သူ့စစ်ဥပဒေ ပြဋ္ဌာန်းခြင်းသည် ဆုံးဖြတ်ချက်အမှားဖြစ်သည်ကို သက်သေပြရန် လိုအပ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော် က တိုက်တွန်းထားသည်။
၎င်းက “တကယ်လို့ သက်ဆိုင်ရာနယ်ပယ်မှာ တာဝန်ကျပြီဆိုလည်း တာဝန်ကျေလုပ်ပြရတာမျိုးထက် ပိုမလုပ်မိ စေဖို့ရယ်၊ ရသမျှသတင်းအချက်အလက်ကို ကိုယ့်လုံခြုံရေးကိုဂရုစိုက်ပြီး အချိန်နဲ့အမျှ ပါးပါးနပ်နပ်နဲ့ တော်လှန် ရေးတပ်ဖွဲ့တွေဆီ ပြန်ပေးနိုင်မယ်ဆိုရင် ပြည်သူ့စစ်ဥပဒေပြဋ္ဌာန်းလိုက်တာ မှားသွားတယ်လို့ စစ်တပ်ကတွေးမိ အောင်လုပ်ဖို့ လိုပါတယ်။ အရံတပ်ဖွဲ့ဝင်တွေကလည်း အမြဲတမ်းစစ်သားတွေကို ပြည်သူ့ဘက်က ရပ်တည်ဖို့ စည်းရုံးနိုင်တဲ့ စည်းရုံးရေးမှူးကောင်းတွေဖြစ်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဆိုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် အာဏာသိမ်းကာလအစောပိုင်းတည်းက အသက်သွင်းရန်ဆွေးနွေးခဲ့ကြပြီး စစ်တပ်ထဲ နေထိုင်စရာအဆောက်အအုံ၊ အစားအသောက်စီမံမှုများနှင့် ပတ်သက်၍ လိုအပ်ချက်ရှိနေသေးသည့်အတွက် အရှက်ကွဲမည့်အရေး တွေးပူ၍သာ ကြန့်ကြာနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် မှ ၂၇ နှစ် အတွင်းရှိ နိုင်ငံ သားတိုင်း မဖြစ်မနေစစ်မှုထမ်းဆောင်ရမည့် ပြည်သူ့စစ်ဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အသက်သွင်းလိုက်သည်။
အဆိုပါ ဥပဒေသည် ၁၉၅၉ ခုနှစ်ကတည်းကတည်ရှိခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ပြင်ဆင်သတ်မှတ်ခဲ့ကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်၌ စတင်အာဏာတည်စေခဲ့ခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် တော်လှန်ရေးအတွက် ကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲနေသည့် အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်သည်။
“ အရင်ထဲက အချိတ်အဆက်ရှိပြီးသားလူတွေအနေနဲ့ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါဝင်သွားဖို့အတွက်လည်း တွန်းအား ၁ ခုဖြစ်လာစေတယ်။ ဒီလိုဥပဒေထုတ်လိုက်တဲ့အတွက် တော်လှန်ရေးမှာ ကောင်းကျိုးဖြစ်လာတယ် လို့ တော့ တရားသေယူဆလို့မရဘူး။ တော်လှန်ရေးဆိုတာမျိုးက ခံယူချက်မပါဘဲ လုပ်ရင် အင်မတန်အန္တရာယ်များ တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ လူငယ်များကို စစ်တပ်က မတရားစုဆောင်းနေသည့်အခြေအနေမျိုးက တားဆီးနိုင်အောင်၊ လူငယ်များ၏ ဘဝရှေ့ရေးကို အကာအကွယ်ပေးနိုင်အောင် အစီအစဉ်များ ချမှတ်ရန် လိုအပ်သည်ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုး က ဆက်လက်တိုက်တွန်းပြောဆိုသည်။
“စစ်တပ်ကဖိအားပေးလို့ ဒီဘက်ကို လက်နက်လာကိုင်တယ်ဆိုတာမျိုးက လူတချို့အတွက် အဆင်ပြေကောင်း ပြေနိုင်တယ်။ ဒါပေမယ့် လူငယ်တိုင်းအတွက် အဖြေ ၁ ခုတော့မဟုတ်သေးဘူး။ ကျန်တဲ့နည်းလမ်းတွေကို စုပေါင်းစဉ်းစားကြဖို့၊ စီစဉ်ကြဖို့ လိုမယ်လို့ မြင်ပါတယ်” ဟုဆိုသည်။
ကြည်း၊ ရေ၊ လေ စစ်မှုထမ်းဟောင်းအရာရှိ၊ စစ်သည်များကိုလည်း အရံတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ပြန်လည် ထမ်းဆောင်ရန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
တာဝန်ပြန်လည်ထမ်းဆောင်ရမည့် စစ်မှုထမ်းဟောင်းများထဲတွင် B ပိုး၊ C ပိုးကြောင့် ထုတ်ပယ်ခံထားရသူများ လည်းပါဝင်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်၏ ပြောကြားချက်အရသိရသည်။
B ပိုး၊ C ပိုးအပါအဝင် ကိုယ်လက်မသန်စွမ်းမှုကြောင့်ထုတ်ပယ်ခံရသည့် အရာရှိ၊ တပ်သားများသည် ပို၍မြင့်သော ရာထူးဖြင့် အရပ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြရသည်။
တောင်ကိုးရီးယားအပါအဝင် ပြည်ပကျူးကျော်မှုများကို ရင်ဆိုင်ခဲ့ရသည့် နိုင်ငံအချို့တွင် စစ်မှုထမ်းဥပဒေများ ပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံကဲ့သို့ ပြည်တွင်းပဋိပက္ခပြင်းထန်နေသည့် နိုင်ငံ ၁ နိုင်ငံက စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းသည် မသင့်လျော်သည့်လုပ်ရပ်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဝေဖန်ထားကြသည်။
Photo-Crd
ပုံစာ – ဖေဖော်ဝါရီ ၂ ရက်က တောင်တွင်းကြီးမြို့တစ်နေရာတွင် စစ်သင်တန်းပေးနေစဉ်။