လက်နက်ကြီး ထိမှန်မှုကြောင့် မုံရွာဒေသခံ ၄ ဦးသေဆုံး
********************
နန်းဆုပန်ခန့်
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောတောင်ကျေးရွာက ဒေသခံ ၄ ဦးသည် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးကားလမ်းပိုင်းရှိ မအူဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသား ၄ ဦးသေဆုံးခဲ့ရပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သံမဏိတပ်ခွဲ ၃ Force – Mpdf တာဝန်ခံက သံလွင်ခက် သတင်းဌာနကို ပြောသည်။
၎င်းက “ ထနောင်းတောတောင်ရွာက လက်ဖက်ရည်ဆိုင်မှာ လက်နက်ကြီးကျတာ။ ပွဲချင်းပြီးသေတာက ၃ ယောက်၊ ၁ ယောက်က ဆေးရုံသွားတဲ့လမ်းမှာဆုံးသွားတာ ” ဟု ဆိုသည်။
ထနောင်းတောတောင်ရွာနှင့် မအူဂိတ်သည် ဆိုင်ကယ်ဖြင့်သွားလျှင် နာရီဝက်ခန့်ကြာမြင့်ပြီး အဆိုပါ ထနောင်းတောတောင်ရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သံမဏိတပ်ခွဲ ၃ Force – Mpdf တာဝန်ခံက “ တိုက်ပွဲဖြစ်တာတွေတော့မရှိဘူးဗျ။ သူတို့က ထန်းနောင်းတောတောင်ရွာမှာ ပြည်သူ့ကာကွယ်ရေးတွေရှိတယ်အထင်နဲ့ပစ်တာဗျ။ ပစ်တော့ ပကဖ တွေကိုမထိဘဲ ပြည်သူတွေကိုပဲထိတာ” ဟု ဆိုသည်။
လက်နက်ကြီးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံများကို ဆေးရုံသို့ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့်နှစ် မတ်လ ၁၅ ရက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထနောင်းတောတောင်ရွာကို ဝင်ရောက်မီးရှို့ခဲ့သည့်အတွက် ထွက်မပြေးနိုင်ဘဲ ကျန်နေခဲ့သည့် ဒေသခံ ၃ ဦး မီးလောင်သေဆုံးခဲ့ရသည်။
ဓါတ်ပုံ – CJ
ပုံစာ – လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့ရသည့် ထနောင်းတောတောင်ရွာဒေသခံများ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3314
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7648