လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ပြဋ္ဌာန်းပြီး ၁ နှစ်အကြာတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေ” ပြဋ္ဌာန်း
***************************************
သဇင်
ဖေဖော်ဝါရီ ၁၂၊၂၀၂၄။
လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ပြဋ္ဌာန်းပြီး ၁ နှစ်အကြာတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဆိုသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖာ်ဝါရီ ၁၀ ရက်တွင် ထပ်မံပြဋ္ဌာန်းခဲ့သည်။
စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော သာမန်အရပ်သားများနှင့် ပြည်သူ့ဝန်ထမ်းများ သေနတ်ကိုင်ဆောင်ခွင့်ရှိသည့် လက်နက်၊ ခဲယမ်းကိုင်ဆောင်ခွင့်နှင့် လက်နက်လိုင်စင်ထုတ်ပေး ခြင်းများ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့လာခဲ့သည်။
ယင်းအမိန့်စာတွင် လိုင်စင်ဖြင့်ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်အမျိုးအစားနှင့် ပါမစ်ဖြင့်ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားဟူ၍ ၂ မျိုးပါရှိပြီး လိုင်စင်နှင့် သေနတ်ကို ပြည်သူ့ဝန်ထမ်းမဟုတ်သည့် အစိုးရပိုင်သေနတ် အဖြစ် မှတ်ပုံတင်ရမည်ဖြစ်ပြီး ရိုင်ဖယ်နှင့် စက်သေနတ်ကလေးအုပ်စုဝင်သေနတ်များကို ပြည်သူ့စစ် အဖွဲ့အစည်းများကိုသာ ကိုင်ဆောင်ခွင့်ပြုမည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီက လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ဥပဒေပြဋ္ဌာန်းပြီးနောက်တွင် စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဖြစ်သည့် ပြည့်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များအား လက်နက်တပ်ဆင်ပေးကာ စစ်မြေပြင်တွင် လက်နက်တစ်ခုအဖြစ် အသုံးပြုလာသည်ကို တွေ့ရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် ညီနောင် ၃ ဖွဲ့ကအစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၃ လကျော် ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏လက်အောက်ခံတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားခဲ့သည့် အပြင် လက်နက်ချအညံ့ခံသူများလည်း များပြားခဲ့သည့်အတွက် “ပြည့်သူ့စစ်မှုထမ်းဥပဒေ”ကို ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
ယခုလ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြဋ္ဌာန်းလိုက်သည့် ”ပြည်သူ့စစ်မှုထမ်းဥပဒေ” သည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ – နအဖ လက် ထက် ၂၀၁၀ ခုနှစ်၌ ပြဋ္ဌာန်းခဲ့သောဥပဒေဖြစ်သည်။
သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင်က ယင်းဥပဒေကို ပြန်လည်အသက်သွင်းလာခဲ့ခြင်းသည် ယုတ်လျော့လာသည့် စစ်အင်အားကိုယ်စား ပြည်သူများကို အစားထိုးကာ ဓားစာခံအဖြစ် အသုံးချနေခြင်းသာဖြစ်သည်ဟုနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုသည်။
၎င်းက “ ဒီ ပြဋ္ဌာန်းချက်က ဦးသန်းရွှေ ပြဋ္ဌာန်းခဲ့တာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ပစွက်ဖက်မှုကြောင့် တိုင်းပြည်အန္တရာယ်ကျရောက်တဲ့ အခြေအနေမျိုးရောက်လာလို့ရှိရင် သုံးရအောင်ဆိုပြီး ပြဋ္ဌာန်းခဲ့တာဖြစ်တယ်။ ဒါ ကြောင့်မို့ လက်တွေ့အကောင်အထည်ဖော်ခဲ့တာမရှိဘူး။ ဒါကို ၂၀၂၄ ခုနှစ် မင်းအောင်လှိုင် လက်ထက်မှာ အဲဒီဥပဒေထုတ်ပြီးတော့ လက်တွေ့ကျင့်သုံးနေတာ။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက စစ်တပ်မှာ စစ်ပွဲထဲမှာ လက်နက်ချတာတွေ ထွက်ပြေးတာတွေ အကြောင်းမျိုးမျိုးကြောင့် အင်အားလျော့ရဲမှုတွေ ဖြစ်လာတဲ့အခြေအနေ မှာ ဒီအင်အားတွေ ဖြည့်တင်းဖို့ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာလို့ ယူဆပါတယ်” ဟု ဆိုသည်။
“ပြည့်သူ့စစ်မှုထမ်းဥပဒေ” ပြဋ္ဌာန်းပြီးနောက် မန္တလေး၊ ရန်ကုန် အပါအဝင် မြို့ကြီးတချို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်တပ်လက်အောက်ခံ ရပ်ရွာအုပ်ချုပ်က နေအိမ်အထိလာရောက်ကာ စစ်မှုထမ်းရန် ခေါ်ဆောင်မှုများရှိနေသည်ဟု မန္တလေး အောင်မြေသာစံမြို့နယ်ရှိ ဒေသခံအမျိုးသမီး ၁ ဦးက ဆိုသည်။
၎င်းက “မနေ့က နေ့လယ် ၃ နာရီကျော်လောက်မှာ ရပ်ကွက်ထဲကို အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေလာတယ်။ အဲဒီမှာ အိမ်ကို ရောက်တော့ သူတို့က CDM ဝင်ထားတာလား၊ အလုပ်ထွက်ထားတာလားမေးတယ်။ ကျွန်မက အသက် ၃၀ မပြည့်သေးတော့ ဝင်ရမယ်ပြောတယ်။ ကျွန်မအဖေက ပြီးခဲ့တဲ့လက အက်ဆီးဒင့် ဖြစ်ထားတာ။ အသက် ၇၀ ကျော်အရွယ် အဖွားကိုပြုစုနေတာမို့ ခုလောလောဆယ် မလိုက်နိုင်သေးဘူးပြောတော့ အဲတာဆိုရင် လူစားထိုးရ မယ်တဲ့။ လူစားထိုးဖို့ ၅ သိန်းပေးတဲ့။ ကျွန်မလည်းမရှိဘူးလုပ်တော့ အဲ့ဒါဆိုရင်လူကိုယ်တိုင် လိုက်ခဲ့တဲ့။ အဲဒီလို နဲ့ပဲ ရှိတာလေးတွေထုတ်ပေးခဲ့ရတယ်” ဟု ဆိုသည်။
စစ်ကောင်စီသည် ပြည့်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ကြေညာခြင်းမရှိသည့်အချိန်ကတည်းက ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ပြည်သူ့စစ်ဖွဲ့စည်းရန်ဟုဆိုကာ ကျေးရွာနေပြည်သူများအား အတင်းအကြပ်ဖိအားပေးမှုများ လုပ်ဆောင်လျက်ရှိသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အရွယ်ရောက်ပြီးသည့် သာမန်အရပ်သားများထဲက ၁၈ နှစ် မှ ၃၅နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ် မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။
ထို့နည်းတူ အတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၄၅ နှစ်နှင့် အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ် မှ ၃၅နှစ်ဟု သတ်မှတ်ထားသည်။
ယင်းအပြင် နိုင်ငံတော်အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလ ၅ နှစ်အထိ သတ်မှတ်နိုင်သည်ဟု ပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်။
ပုံစာ – စစ်တပ်က ပြည်သူ့စစ်သင်တန်းပေးနေသည့် မြင်ကွင်း / ပုံအဟောင်း