ကတူးလူမျိုးမိတ်ဆက်
********************
သံလွင်ခက်
ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၄။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၀၀ ကျော်စုစည်းနေထိုင်လျက်ရှိပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံမှာ မတူညီတဲ့နောက်ခံသမိုင်းကြောင်း၊ ဘာသာ စကားအပြင် ရှေးနှစ်ပေါင်းများစွာကတည်းက လက်ခံလိုက်နာကျင့်သုံးလာခဲ့ကြတဲ့ ကိုးကွယ်ယုံကြည်မှုတွေ၊ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံတွေ ကိုယ်စီရှိနေကြပါတယ်။
“ကန္တူ”လို့ ရှေးကျောက်စာတွေမှာဖော်ပြခဲ့တဲ့ ကတူးလူမျိုးတွေလည်း မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုး ၁၀၀ ကျော် စာရင်းထဲပါဝင်ပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ရှေးဦးလူမျိုးစုတစ်စုဖြစ်ပါတယ်။
“ကတူး”ဆိုတဲ့နာမည်က တခြားလူမျိုးတွေက “ကတူး” လူမျိုးတွေကိုခေါ်ဝေါ်တဲ့နာမည်ဖြစ်ပြီး “ကတူး” တွေ ကိုယ်တိုင်ကတော့ သူတို့ကိုယ်သူတို့ အဆက်၊ အဆာ့က်(Asak)၊ ဆက် (Sak) လို့ သုံးစွဲကြပါတယ်၊။
“အဆက်”ဆိုတာ မာကျောခြင်း၊ ကြောက်ရွံ့မှုကင်းခြင်း၊ မိမိကိုယ်မိမိ ချစ်မြတ်နိုးသူလို့ အဓိပ္ပါယ်ရှိပြီး မြန်မာ့ သမိုင်းမှတ်တမ်းတွေမှာတော့ သက်ကန္တူ၊ ကန္တူ၊ ကတူး၊ ကဒူး၊ ဂဒူး လို့ အမျိုးမျိုးဖော်ပြသုံးစွဲခဲ့ကြပါတယ်။
ကတူးလူမျိုးတွေကို ရှေးတရုတ်သမိုင်းမှတ်တမ်းတွေမှာတော့ “ကျန့်တူး”လို့ ဖော်ပြသုံးစွဲခဲ့ပါတယ်။
မြန်မာ့ခေတ်ဦးသမိုင်းမှာ ပျူ၊ သက်၊ ကမ်းယံဆိုတဲ့ ရှေးဦးလူမျိုး ၃ မျိုးရှိခဲ့ပြီး ကတူးတွေက သက်အုပ်စုဝင်တွေဖြစ်ကြပါတယ်။
မြန်မာနိုင်ငံကထုတ်ပြန်ခဲ့တဲ့ လူမျိုး ၁၀၁ ပါးစာရင်းမှာ ကတူးနဲ့ သက်ကို ရှမ်းအုပ်စုထဲထည့်သွင်းထားပြီး တိုင်းရင်း သား ၁၃၅ မျိုးစာရင်းမှာတော့ ကတူးကို ဗမာအုပ်စုထဲထည့်သွင်းထားပါတယ်။
ကာယကံရှင်တွေဖြစ်တဲ့ ကတူးလူမျိုးတွေကိုယ်တိုင်ကတော့ သူတို့ဟာ ရှမ်းမဟုတ်သလို ဗမာလည်းမဟုတ် ကြောင်းရေးသားပြောဆိုထားကြပြီး ကတူးလူမျိုးက သက်အုပ်စုဝင်ဖြစ်တယ်ဆိုတဲ့အယူအဆကိုသာ လက်ခံထား ကြပါတယ်။
သမိုင်းပညာရှင်တွေနဲ့ ဘာသာဗေဒပညာရှင်တွေကလည်း “ကတူးလူမျိုး”တွေကို သက်အုပ်စုဝင်တွေအဖြစ်သာ လက်ခံထားကြပါတယ်။
သက်အုပ်စုဝင်တွေဖြစ်တဲ့ “ကတူး၊ ကနန်းနဲ့ သက်”လူမျိူးတွေရဲ့တွေ့ဆုံပွဲတွေမှာလည်း “သက်(Asak) မျိုးနွယ်စု များတွေ့ဆုံပွဲ” လို့သာ အမည်တပ်လေ့ရှိကြပါတယ်။
သက်မျိုးနွယ်စုတွေဖြစ်ကြတဲ့ သက်၊ ကတူး၊ ကနန်းတွေဟာ ခရစ်နှစ် ၄ ရာစုဝန်းကျင်မှာ မြန်မာနိုင်ငံတွင်းဝင် ရောက်လာခဲ့ပြီး ဧရာဝတီမြစ်ကမ်းပါးပေါ်မှာ “သင်းတွဲ”လို့ခေါ်တဲ့ “တကောင်းပြည်”ကိုတည်ထောင်၊ အခြေချ နေ ထိုင်ခဲ့ကြတယ်လို့ သုတေသနမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ကတူးလူမျိုးတွေဟာ တကောင်းကိုဗဟိုပြုပြီး ဧရာဝတီနဲ့ ချင်းတွင်းမြစ်အကြား ပျံ့နှံ့သွား ခဲ့ပါတယ်။ ဒါကြောင့်လည်း မူးမြစ်ကိုကျောရိုးပြုထားတဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြားဒေသက ကတူးဒေသဖြစ် လာခဲ့ပါတယ်။
ယူနန်မင်းဆက်သမိုင်းမှတ်တမ်းတွေမှာလည်း “ကတူးလူမျိုးတွေဟာ တကောင်းဒေသမှာ အခြေချနေထိုင်ခဲ့ကြ ကြောင်း၊ ပုဂံခေတ်မှာလည်း တကောင်းဒေသဟာ ကတူးတွေရဲ့အချက်အချာဒေသဖြစ်ကြောင်းနဲ့ နောင်အခါမှာ တော့ တကောင်းကတဆင့် ကသာ၊ မြစ်ကြီးနားဒေသတွေအထိပျံ့နှံ့သွားခဲ့ကြောင်း” ဖော်ပြထားကြပါတယ်။
မျက်မှောက်ခေတ်ကတူးလူမျိုးတွေကတော့ စစ်ကိုင်းတိုင်း၊ ကသာခရိုင် ကသာမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ အင်း တော်မြို့နယ်၊ ကောလင်းခရိုင် ကောလင်းမြို့နယ်နဲ့ ပင်လည်ဘူးမြို့နယ်တွေမှာ အများဆုံးနေထိုင်နေကြပြီး ရန်ကုန်၊ မန္တလေးအပြင် ပြည်ပထွက်ပြီးအလုပ်လုပ်ကိုင်နေကြသူတွေလည်း ရှိပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဗန်းမောက်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များမှာဖော်ပြထားတဲ့စာရင်း အရ ၂၀၁၇ ခုနှစ် မတ်လကုန်အထိ ဗန်းမောက်မြို့နယ်မှာနေထိုင်တဲ့ ကတူးလူမျိုး ၁၅,၁၂၂ ဦးရှိတယ်လို့သိရပေမယ့် ပင်လယ်ဘူးမြို့နယ်နဲ့ အင်းတော်မြို့နယ်တွေမှာနေထိုင်တဲ့ ကတူးလူဦးရေစာရင်းကိုတော့ ဖော်ပြမထားပါဘူး။
“စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားမျိုးနွယ်စုများ ပျံ့နှံ့နေထိုင်မှု သုတေသနစာတမ်း”မှာတော့ ကတူး လူဦးရေစာရင်းကိုဖော်ပြထားပြီး ကတူးတိုင်းရင်းသားအများဆုံးနေထိုင်တဲ့ အင်းတော်မြို့နယ်မှာ ၃၅,၀၀၀ ကျော်၊ ဗန်းမောက်မြို့နယ်မှာ ၂၅,၀၀၀ ကျော်၊ ကသာ၊ ပင်လယ်ဘူးနဲ့ ကောလင်းမြို့နယ်တွေမှာ ၂၅,၀၀၀ ကျော်နေ ထိုင်နေတဲ့အတွက် စစ်ကိုင်းတိုင်းမှာပျံ့နှံ့နေထိုင်နေတဲ့ ကတူးလူမျိုးအရေအတွက် ၈၅,၈၄၉ ဦးရှိပါတယ်။
၂၀၁၇၊ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေအတွင်း အစိုးရကထုတ်ပြန်ခဲ့တဲ့စာရင်းတွေက ကွာဟမှုတွေရှိနေတဲ့အတွက် ကတူးလူဦးရေစာရင်းကို တိတိကျကျမပြောနိုင်သေးပေမယ့် ခန့်မှန်းခြေအားဖြင့်တော့ မြန်မာနိုင်ငံမှာ ကတူးလူဦး ရေ ၁ သိန်းဝန်းကျင်ရှိနေမယ်လို့ မှန်းဆရပါတယ်။
မျက်မှောက်ခေတ်ကတူးလူမျိုးတွေအနေနဲ့ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်နေကြပေမယ့် ရှေးတုန်းကတော့ မဟာယာနဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခဲ့ကြပါတယ်။ ကတူးလူမျိုးတွေ မြန်မာနိုင်ငံတွင်းစတင်ဝင်ရောက်လာ ချိန်ကတည်းက သူတို့နဲ့အတူ ရိုးရာယုံကြည်မှုတွေ အတူပါလာခဲ့ပါတယ်။ မြို့ရွာတွေအခြေတကျတည်ထောင်ပြီး စိုက်ပျိုးရေးလုပ်ငန်းနဲ့အသက်မွေးရတဲ့အခါ စိုက်ပျိုးရေးနဲ့ဆက်စပ်နေတဲ့ မိုးနတ်သား၊ လေနတ်သား၊ တောင်ယာ နတ်၊ စပါးကျီစောင့်နတ်နဲ့ စပါးလိပ်ပြာလို့ခေါ်ဆိုတဲ့ ပုံးမကျီနတ် စတာတွေကို သီးနှံအထွက်တိုးဖို့ ပူဇော်ပသခဲ့ကြပါတယ်။
ခေါင်းဆောင်တွေကွယ်လွန်ရင် နတ်ဖြစ်သွားတယ်လို့ ယုံကြည်တဲ့အတွက်လည်း ခေါင်းဆောင်တွေကွယ်လွန်သွား ကြတဲ့အခါ နတ်အဖြစ် ပူဇော်ပသခဲ့ကြပါတယ်။
အတိတ်တုန်းက ကတူးတွေနေထိုင်ခဲ့ကြတဲ့ တကောင်းမြို့ဟာ တရုတ်နိုင်ငံနဲ့ဆက်သွယ်မှုတွေရှိခဲ့တဲ့အတွက် တရုတ်တွေဆီကကူးစက်လာခဲ့တဲ့ ကြေးစီနီနတ်ကိုလည်း ကိုးကွယ်ခဲ့ကြပါတယ်။
ကတူးလူမျိုးတွေယုံကြည်ကြတဲ့ရိုးရာနတ်တွေမှာ မိုင်းသုံတောင်တော်နတ်လို့ခေါ်ဝေါ်တဲ့ မိုင်းသုံအရှင်ကြီးက အဓိကနတ် ၁ ပါးဖြစ်ပြီး ဝါဝင်၊ ဝါထွက်မှာ ပူဇော်ပသလေ့ရှိပါတယ်။ မိုင်းသုံအရှင်ကြီးပူဇော်ပသတာကို “နတ် ကြီးတက်တယ်”လို့ခေါ်ပြီး ကြက်သားချက်၊ ကြက်ကင်၊ ကြက်ဥပြုတ်တွေနဲ့ ပူဇော်ပသလေ့ရှိပါတယ်။
ဒါပေမယ့် ၂၀၁၀ ခုနှစ်မှာ စက်တောဘုန်းတော်ကြီးရဲ့ဩဝါဒခံယူပြီးတဲ့နောက်မှာတော့ ကော်ဖီမစ်၊ ပေါင်မုန့် စတာ တွေနဲ့သာ မိုင်းသုံအရှင်ကြီးကို ပူဇော်ပသလာခဲ့ကြပါတယ်။
ကတူးရိုးရာအမျိုးသားဝတ်စုံက ပုဆိုး၊ အင်္ကျီနဲ့ ခေါင်းပေါင်းတဘက်တို့ဖြစ်ပါတယ်။ ပုဆိုးက အနက်ရောင်အောက်ခံ ပေါ်မှာ အဖြူရောင်ဒေါင်လိုက်အဆင်း၊ အောက်အနားမှာ အဖြူရောင်အလျားစင်းတွေပါဝင်ပါတယ်။ အင်္ကျီက နီညို ရောင်ရင်ဖုံးတိုက်ပုံ (ညာဖုံး)ဖြစ်ပြီး ခေါင်းပေါင်းတဘက်က အပြာရောင်အောက်ခံပေါ်မှာ အဖြူရောင်အလျားလိုက်အစင်းတွေ ပါဝင်ပါတယ်။
ကတူးရိုးရာအမျိုးသမီးဝတ်စုံက ထဘီ၊ အင်္ကျီနဲ့ ပခုံးတင်တဘက်တို့ဖြစ်ပါတယ်။ ထဘီက အပြာရောင်အောက်ခံ ပေါ်မှာ အဖြူုရောင်ပတ်လည်စင်း ၃ ဆင့်ပါရှိပြီး အောက်ဆုံးပတ်လည်စင်းက အပေါ် ၂ ခုထက် ၃ ဆဝန်းကျင် ပိုကြီး ပါတယ်။ အင်္ကျီက အဖြူရောင်ရင်ဖုံးဖြစ်ပြီး ပခုံးတင်တဘက်က အမျိုးသားခေါင်းပေါင်းတဘက်နဲ့ ဆင်တူပါပဲ။
ကတူးယောက်ျားလေးတွေဟာ ကိုရင်မဝတ်ခင်အရွယ်အထိ ဦးစွန်းဖုတ်၊ ဆံရစ်ဝိုင်း၊ သျှောင်ထုံးလေးတွေနဲ့ အဆင့် ဆင့် နေထိုင်ခဲ့ကြပါတယ်။ ကိုရင် ၃ နှစ်ဝတ်ပြီး လူဝတ်လဲတဲ့အချိန်မှာလည်း ဆံပင်ရှည်လာရင် သျှောင်ထုံးထားကြ ပြန်ပါတယ်။
ကတူးမိန်းကလေးတွေဟာလည်း ဦးစွန်းဖုတ်၊ ဆံရစ်ဝိုင်း၊ ဆံတောက်ပုံစံတွေနဲ့ အိမ်ထောင်မပြုခင်အချိန်အထိ အဆင့်ဆင့်နေထိုင်လာခဲ့ကြပါတယ်။ အိမ်ထောင်ပြုပြီးမှသာ ဆံတောက်ကို စွန့်လွှတ်လေ့ရှိပါတယ်။
ဦးစွန်းဖုတ်၊ ကြက်တောင်စည်း၊ ဆံရစ်ဝိုင်းနဲ့ ဆံတောက်ထားတဲ့ဓလေ့ကို ဗန်းမောက်မြို့နယ် ကနန်းဒေသတွေမှာ အခုချိန်ထိ အများအပြားတွေ့မြင်နိုင်သေးပေမယ့် ကတူးဒေသတွေမှာတော့ အနည်းငယ်လောက်သာတွေ့ရပါ တော့တယ်။
ဒီကနေ့ခေတ်မှာတော့ ကတူးလူမျိုးတွေရဲ့ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်တွေကို ကတူးလူမျိုးတွေကိုယ်တိုင် ထိန်း သိမ်းမှုအားနည်းလာနေတာကိုတွေ့ရပါတယ်။ အထူးသဖြင့် လူငယ်တွေက စိတ်ဝင်စားမှုနည်းလာကြပါတယ်။ သတင်းအချက်အလက်စီးဆင်းမှုမြန်ဆန်တဲ့ ၂၁ ရာစုမှာ အင်အားကြီးမားတဲ့ယဥ်ကျေးမှုတွေက အင်အားသေးငယ် တဲ့ယဥ်ကျေးမှုတွေကို လွှမ်းမိုးဝါးမျိုနေပါတယ်။ ဒါကြောင့်လည်း ကတူးလူမျိုးတွေရဲ့ ယဥ်ကျေးမှုဓလေ့စရိုက် တွေမှာ မျိုးခြားယဥ်ကျေးမှုတွေ ရောနှောနေပါတယ်။
ကတူးလူမျိုးတွေဟာ နီးစပ်ရာတိုင်းရင်းသားလူမျိုးစုတွေနဲ့ သွေးနှောနေထိုင်လာတာ၊ ကိုယ်ပိုင်ဘာသာစကားရှိပေ မယ့် ကိုယ်ပိုင်စာပေရယ်လို့ သတ်သတ်မှတ်မှတ်မရှိသေးတာရယ်ကြောင့် တိမ်ကောပျောက်ကွယ်လုနီးပါး အခြေ အနေနဲ့ရင်ဆိုင်နေရပါတယ်. . . . .။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3300
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7615