ပအိုဝ်းအချင်းချင်းတိုက်ရန် ငြင်းဆန်သူများကို စစ်ကောင်စီတပ် ပစ်သတ်
*************************
Saw Smith
ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၄ ။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကို သွားရောက်တိုက်ခိုက်ရန် ငြင်းဆန်သည့် ပအိုဝ်းပြည်သူစစ်များနှင့် ဒေသခံများကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်ဟု ပအိုဝ်းအရေးတက်ကြွလှုပ်ရှားသူများနှင့် ဒေသခံတချို့ထံက သိရသည် ။
ယခုလ ဖေဖော်ဝါရီလ ၄ ရက်တွင် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ အနောက်ဘက် အောင်ဆုဗွေစခန်းအတွင်း၌ PNO ပြည်သူ့စစ် ၁၂၀ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး ညတွင်းချင်း သယ်ဆောင်၍ ကက္ကူတောင်ဘက် လွယ်သောဝ်ကျေးရွာအနီးရှိ သင်္ချိုင်း၌ မြှုပ်နှံခဲ့သည်ဟု Pa-O LOYWEL သတင်းဌာနက ယနေ့ နံနက်ပိုင်း၌ ဖော်ပြထားသည်။
” ဒေသခံတွေ ရွာသားတွေ PNO ပြည်သူ့စစ်ထဲက တချို့တွေ ဟုတ်တယ်ပြောတယ်။ အဓိက အောင်ဆုဗွေစခန်း အဲ့ဒီစခန်းက ဘိန်းဖြတ်စခန်းဆိုတော့ ကျွန်တော်အထင် ဘိန်းလာဖြတ်တဲ့သူတွေ ခပ်များများ ဖြစ်မယ်ထင်တယ်။ အဲ့ဒီလူတွေကို သေနတ်ပေးပြီးတော့မှ PNLO ကို သွားတိုက်ခိုင်းတာ ပအိုဝ်းအချင်းချင်း မတိုက်နိုင်ဘူးပြောတယ်။ တချို့က သူတို့က ဆေးလာဖြတ်တာ စစ်သားလာလုပ်တာမဟုတ်ဘူးပြောတယ် အဲ့တာနဲ့ သူတို့အကုန်ပစ်သတ်လိုက်တာ “ဟု တက်ကြွလှုပ်ရှားသူ ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။
ပအိုဝ်းပြည်သူစစ်များနှင့် ဒေသခံများကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည့် ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုနိုင်ပြီး ပစ်သတ်သည့်အရေအတွက်ကို အတိအကျ မသိရှိရသေးဟု ပအိုဝ်းဒေသတွင်း မီဒီယာတစ်ခုက တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည် ။
ပစ်သတ်ခံလိုက်ရသည့် PNO ပြည်သူ့စစ်များနှင့် ဒေသခံများကို မြှုပ်ခဲ့သည့် ကက္ကူရွာသည် ဆီဆိုင်နှင့် ကျောက်တလုံးနယ်စပ်တွင်ရှိသည်ဟု ၎င်းကပြောသည် ။
” ချောင်းအရှေ့ဘက်က ဆီဆိုင် ၊ အနောက်ဘက်က ကျောက်တလုံး ကက္ကူ။ ချောင်းခြားထားတယ် ဆီဆိုင်နဲ့ ကျောက်တလုံးကို။ ကျောက်တလုံးက တောင်ကြီးမြို့နယ်ထဲ ” ဟု ပြောသည် ။
ဆေးဖြတ်သူများကို ကူညီပေးနေသူ ပအိုးဝ်အမျိုးသားတစ်ဦးကလည်း အဆိုပါဖြစ်စဉ် ယမန်နေ့ညနေပိုင်းတွင် စတင်ကြားသိရပြီး လိုက်လံစုံစမ်းနေရာ လက်တလော၌ အသေးစိတ်ကို မသိရသေးဟု ဆိုသည်။
” ကျွန်တော်လည်းကြားတော့ လိုက်နေတုန်းပဲရှိသေးတယ် ။ ဆိုက်ခေါက်ဘက်မှာလည်း ကျွန်တော်သိတဲ့ သူတွေက မရှိတော့ သူတို့လည်း တိတိကျကျမပြောနိုင်ကြဘူး ။ ကျွန်တော်လည်း အထဲကိုလိုက်နေပါတယ် ” ဟု ၎င်းက ပြောသည် ။
ထိုဖြစ်စဉ်တွင် အလောင်းများကို သယ်ဆောင်မြေမြှပ်ပေးခဲ့သူများကို စစ်ကောင်စီတပ်က ခြိမ်းခြောက်မှုအများအပြင် ငွေကျပ် နှစ်သိန်းခွဲပေး၍ နှုတ်ပေးထားသည်ဟု စုံစမ်းသိရှိရကြောင်း တက်ကြွလှုပ်ရှား ပအိုဝ်းလူငယ်က ပြောသည် ။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ PNO ပြည်သူ့စစ်တာဝန်ရှိသူများထံ အကြိမ်ကြိမ်ဖုန်းခေါ်ဆိုခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
ပအိုဝ်းဒေသ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ဇန်နဝါရီလ ၂၃ ရက်မှ ၂၆ ရက်ထိ တိုက်ပွဲများဖြစ်ပွားနောက် ဆီဆိုင်မြို့ကို PNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက်စစ်ကောင်စီက ဆီဆိုင်မြို့နယ်အတွင်းရှိ PNLA တပ်စွဲထားသည့်နေရာများကို PNO ပြည်သူစစ်များနှင့်အတူ မကြာခဏ သွားရောင်တိုက်နေသည့်အပြင် လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းတို့ဖြင့် ဆီဆိုင်မြို့ကို ဆက်တိုက်ဖျက်ဆီးနေသည်ဟု PNLA က ထုတ်ပြန်ထားသည်။
ပအိုဝ်းဒေသတွင်း၌ တင်းမာနေသည့် စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီနှင့် PNO ခေါင်းဆောင်များက ပအိုဝ်းလူငယ်သောင်းချီကို လက်နက်တပ်ဆင်၍ ပြည်သူ့စစ်များ ဖွဲ့စည်းထားခဲ့သည်။
ပုံစာ – ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ပအိုဝ်းလူငယ်များကို လက်နက်တပ်ဆင်ပေးခဲ့သည့် မြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3299
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7612