ဘောလခဲ ၁၂ မိုင်ဗျူဟာကုန်းတိုက်ပွဲ စစ်ကောင်စီတပ် ၂၆ ဦးသေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
*****************************
Saw Smith
ဖေဖော်ဝါရီ ၉ ၊ ၂၀၂၄ ။
စစ်ကောင်စီက နှစ်ပေါင်း ၃၀ တိုင်တိုင် အခိုင်အမာတပ်စွဲထားသော အဓိကပင်မစခန်းကုန်ဖြစ်သည့် ဘောလခဲ ၁၂ မိုင် ဗျူဟာကုန်းကို ကရင်နီတော်လှန်ရေးတပ်များက ယခုနှစ်အတွင်း ၂ ကြိမ်ထိုးစစ်ဆင်ခဲ့ရာ ယမန်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ကရင်နီပြည် ဘောလခဲခရိုင်၊ ဘောလခဲမြို့နှင့် ရွာသစ်မြို့ကိုဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ ၁၂ မိုင်ဗျူဟာစခန်းကုန်းကို ကရင်နီတော်လှန်ရေးတပ်များက ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်၊ နံနက် ၇ နာရီခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ရှိသည့် ၁၂ မိုင်ဗျူဟာကုန်းကို အချိန် ၁ နာရီခွဲနီပါးအကြာတိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံး၍ ၁ ဦးအရှင်ဖမ်းမိခဲ့သည်ဟု ကရင်နီ ၁၁၀၇ တပ်ပေါင်းစုက သတင်းထုတ်ပြန်သည် ။
” စခန်းသိမ်းပြီးတဲ့ အချိန်မှာ လေယာဥ်ပစ်ကူ ၂ ကြိမ်လာတယ်။ နောက်ပြီး ဘောလခဲ ဗျူဟာထဲကနေလည် ၁၂၂ လက်နက်ကြီးပစ်ကူတွေ ပေးတယ် “ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် အမှတ် ၁၁၀၈ ဖားဆောင်း PDF တပ်ရင်းမှ တာဝန်ရှိသူက ပြောသည် ။
ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မှာ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြပြီး ပူးပေါင်းတပ်များက
လက်နက် ၁၆ လက် ၊ ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည် ။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို KNPLF ၊ KA ၊ KNDF ၊ အလယ်ပိုင်းတိုင်း ၊ ကယား(ကရင်နီ)စစ်ဒေသ၊ ဘောလခဲခရိုင်ဗျူဟာ အမှတ် ၁၁၀၅ ဘောလခဲ PDF ၊ အမှတ် ၁၁၀၈ ဖားဆောင်း PDF ၊ Federal Win Drone ၊ FFD Drone ၊ ဘောလခဲ ခရိုင် PDF Drone တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ဘောလခဲ ၁၂ မိုင်ဗျူဟာကုန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သော ဇန်နဝါရီလ ၂၂ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဖွဲ့ဝင် ၁၄ ဦးသေဆုံးခဲ့ပြီး ဘောလခဲ ၄၂၉ တပ်မှ စစ်ကူစစ်ကြောင်း ၂ ကြောင်းလာရောက်ခဲ့သည်ဟု ကရင်နီ ၁၁၀၇ တပ်ပေါင်းစုက သတင်းထုတ်ပြန်သည် ။
” ဘောလခဲအထွက်ကနေစပြီးတော့မှ ရွာသစ်ထိက ၂၄ မိုင်ဝေးတယ်လေနော်။ အဲမှာ ၁၂ ဆိုတော့ တစ်ဝက်စီဖြစ်တာပေါ့လေ။ အဲမှာကုန်းနည်းနည်းမြင့်တော့ ဗျူဟာကျတာပေါ့။ အဲမှာ တာဝါတိုင်လည်ထောင်ထားတယ်လေ။ သူတို့အတွက် အရေးကြီးတဲ့ စခန်းဖြစ်ပါတယ် “ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ကပြောသည်။
ဘောလခဲမြို့နယ်အတွင်းရှိ ရွာသစ်မြို့ကို ပြီးခဲ့သော ဇန်နဝါရီလအတွင်း၌ ကရင်နီတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၁၂ မိုင်ဗျူဟာကုန်းကိုလည်း ယခု ထပ်မံသိမ်းပိုက်လိုက်နိုင်သည့်အတွက် ဘောလခဲမြို့နယ်အတွင်း၌ ဘောလခဲ ဗျူဟာ ၊ ဟွေအွန်စခန်း၊ဝမ့်မလန်းစခန်းတို့သာ ကျန်ရှိတော့သည်ဟု ပူးပေါင်းတပ်များထံက သိရသည်။
ပုံစာ-ဘောလခဲ ၁၂ မိုင်ဗျူဟာစခန်းသိမ်းတိုက်ပွဲမှ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3284
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7582