စစ်ကြောင်းထိုးလာသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများအပြင် သေဆုံးသူများ၏ ရုပ်အလောင်းများလည်း မကောက်နိုင်သေး
****************************
သံလွင်ခက်
ဖေဖော်ဝါရီ ၉ ၊ ၂၀၂၄။
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ဘက်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသည့်အတွက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအပြင် သေဆုံးသူများ၏ရုပ်အလောင်းများလည်း မကောက်နိုင်သေးဟု ကူညီကယ် ဆယ်ရေး လုပ်ဆောင်နေသူများထံက သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်ကစတင်ကာ ဇရပ်ကြီးမြို့တွင်းသို့ဝင်ရောက်၍ ကူညီမှုများ လုပ်ဆောင်ခွင့်မရရှိတော့ခြင်းဖြစ်သည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ ၁ ဦးက သံလွင်ခက် သတင်း ဌာန ကို ပြောသည်။
၎င်းက ” မနက်က ၉ နာရီခွဲလောက်ထိ ဝင်လို့ရနေသေးတယ်ဗျ။ အခုအခြေအနေရောက်မှ ဝင်လို့မရတော့တာ။ အခု စစ်ကြောင်းက ပစ်ဝင်,ဝင်လာလို့ ကယ်ဆယ်ရေးကားတွေ ဇရပ်ကြီးမြို့ကိုဝင်မရဘဲ ဒီဘက်အပြင်မှာ စောင့် နေရတာ ” ဟုဆိုသည်။
တောင်ငူမြို့ရှိ လူမှုကူညီရေးအသင်းများက ဇရပ်ကြီးမြို့ပေါ်ရှိ လူဦးရေ ၃,၅၀၀ ကျော်ကို ၂ ရက်နီးပါး ကယ် ထုတ်ထားသော်လည်း အခြားကျေးရွာများတွင် ပိတ်မိနေသူများ ဆက်လက်ရှိနေဆဲပင် ဖြစ်သည်။
ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ ၁ ဦးက ” မြို့ထဲမှာ ပိတ်မိနေတဲ့ သူတွေရှိသေးတယ်။ ဇရပ်ကြီးမြို့ထဲမှာ တော့ မဟုတ်ဘူး။ ကျွန်တော်တို့ ၂ ရက် ကယ်ထုတ်လိုက်တာ ဇရပ်ကြီးမြို့ကတော့ ကုန်ပြီ။ ဇရပ်ကြီး ဟိုဘက် ဘေးက ကင်မွန်းခြုံနဲ့ အဲ့နားကရွာတွေက ပိတ်မိနေတာ ” ဟုဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်၊ နံနက် ၃ နာရီဝန်းကျင်ကစပြီး ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ – ၇၃၊ ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလိုစခန်းအပါအဝင် စစ်ကောင်စီ တပ်စခန်း များကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
ထိုအချိန်ကစတင်၍ ယနေ့အချိန်ထိ စစ်ကောင်စီတပ်က ဇရပ်ကြီးမြို့အပါအဝင် အနီးဝန်းကျင်ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်၏တိုက်ခိုက်မှုကြောင့် ဒေသခံများထိခိုက်သေဆုံးမှုရှိပြီး သေဆုံးသူများ၏ ရုပ် အလောင်းများကို လက်ရှိအချိန်ထိ ဝင်ကောက်နိုင်ခြင်းမရှိသေးဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ ၁ ဦးက ဆိုသည်။
၎င်းက ” ထိခိုက်သေဆုံးတာကတော့ ကျွန်တော်လက်ရှိ သိရသလောက်က ၈ ယောက်၊ ဒါပေမယ့် ဟိုဘက် ရွာ တွေမှာရှိသေးတယ်။ ကျွန်တော်တို့က ဆက်ဝင်လို့မရသေးတဲ့ အနေအထားကြောင့် အတည်ပြုလို့မရသေးဘူး။ ၈ ယောက်ကိုတော့ တွေ့ထားတယ်။ အဲ့ ၈ ယောက်ကလည်း ၁ ယောက်ပဲကောက်လို့ရသေးတယ်။ ကျန်တဲ့ ၇ ယောက်က ကောက်လို့မရသေးဘူး။ ကလေးတွေတော့ မပါသေးဘူး။ လူကြီးပိုင်းတွေချည်းပဲ ” ဟုဆိုသည်။
လက်ရှိတွင် ကျေးရွာများအတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းမရှိသေးသည့် အတွက် ထိခိုက်သေဆုံးမှုအခြေအနေများနှင့်ပတ်သက်၍ သံလွက်ခက်သတင်းဌာနအနေဖြင့် ဆက်လက်အတည် ပြုနေဆဲဖြစ်သည်။
ထိခိုက်သေဆုံးမှုများအပြင် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကြောင့် ဇရပ် ကြီးမြို့အပြင် ကင်မွန်းခြုံ၊ အုန်းတောကျောင်း၊ ချမ်းစု၊ ဒိုးတန်း၊ မြို့စိုးနှင့် အနီးဝန်းကျင်ကျေးရွာများက ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ကင်မွန်းခြုံကျေးရွာ ဒေသခံ ၁ ဦးက ” အမေကလည်း ဆေးရုံက ဒီနေ့လိုဆင်း နောက်နေ့လိုဖြစ်တာ။ အစောတုန်းကတော့ ကိုယ့်အိုး ကိုယ့်အိမ်ကို မခွာချင်ဘူးပေါ့။ မခွာချင်လို့လည်းမရဘူး။ လေယာဉ်က အိမ်ပေါ်မှာ မိုးထားတဲ့အခါကျတော့ ဘေးအိမ်တွေက ထိသွားပြီဆိုတော့ နေလို့လည်းမဖြစ်တော့ဘူး။ အိမ်ကနေပြီးတော့ လမ်းလျှောက်ယူရတယ်။ တောထဲက လယ်ကွင်းတဲလေးမှာ ၁ ညအိပ်ပြီးတော့မှ နတ်ရွာမှာကယ်ဆယ်ရေး ကားတွေနဲ့ လိုက်ခဲ့ရတာ။ အခုတော့ ကိုယ့်ဟာလေးနဲ့ ကိုယ်ချက်စားရတယ်။ ဆန်လေးလည်း ၂ ပြည်ပဲ ပါတယ်။ အများကြီးလည်း မပါဘူး ” ဟုဆိုသည်။
ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ စောင်၊ ခေါင်းအုံး၊ အဝတ် အထည်နှင့် အိုးခွက်ပန်းကန်များ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု စစ်ရှောင်ကူညီနေသူများထံက သိရသည်။
ပုံစာ – ကျေးရွာအတွင်းကထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် ဇရပ်ကြီးမြို့အနီးကျေးရွာများက ဒေသခံများ။
Photo – CJ