ကုလအဖွဲ့အစည်းများ စစ်ကောင်စီနှင့် လက်မတွဲရန် NUG ဆို
*********************************************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၉၊ ၂၀၂၄။
ကလေးသူငယ်အခွင့်အရေး ဆောင်ရွက်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်မည့်အစား တိုင်းရင်းသားဒေသရှိ အဖွဲ့အစည်းများအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ – NUG နှင့် တွေ့ဆုံကာ ကလေးများကောင်းကျိုးကို အကောင်အထည်ဖော်သင့်သည်ဟု NUG က တိုက်တွန်းပြောဆိုထားသည်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စာသင်ကျောင်း ၂ ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုအခြေအနေနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ NUG က တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF နှင့် Save The Children စသည့်အဖွဲ့အစည်းများအနေဖြင့် ကလေးသူငယ်အခွင့်အရေးဆောင်ရွက်ရာတွင် ရှင်သန်ဖွံ့ဖြိုးဟူသည့် အစားအစာကဏ္ဍသာမကဘဲ ကာကွယ်ပေးရမည့် အခန်းကဏ္ဍကိုလည်း မပျက်ကွက်ရန် လိုအပ်သည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သံလွင်ခက်ကို ပြောသည်။
၎င်းက “ အခုအချိန်မှာ စစ်ကောင်စီနဲ့ လက်တွဲပြီးလုပ်ဆောင်နေတာက စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရတဲ့ ကလေးတွေ၊ ပဋိပက္ခကာလအတွင်းမှာရှိတဲ့ ကလေးတွေရဲ့ အကျိုးအတွက်လား။ ကိုယ့်ပရောဂျက်ရဲ့ အကျိုးအတွက်လားဆိုတာ သေသေချာချာပြန်စဉ်းစားဖို့လိုပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီက ကလေးသူငယ်များကို ပစ်မှတ်ထား တိုက်ခိုက်နေမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် လိုအပ်သလို ရှုတ်ချရန်၊ စာထုတ်ပြန် တားဆီးရန်လည်း လိုအပ်သည်ဟု ဦးအောင်မျိုးက ဆက်လက်ပြောဆိုသည်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆီအီကျေးရွာရှိ စာသင်ကျောင်းနှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း ၂ ကျောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီးမော့ဆိုရှိ စစ်ကောင်စီတပ်စခန်းများကလည်း လက်နက်ကြီးဖြင့် ၆ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေါဆီအီကျေးရွာရှိ စာသင်ကျောင်းတွင် စာသင်ကြားနေသော အသက် ၁၃ နှစ်အရွယ်ဝန်းကျင် အလယ်တန်းကျောင်းသား ၄ ဦး သေဆုံးခဲ့ပြီး မူကြိုအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ကလေးငယ် ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC က ဖေဖော်ဝါရီလ ၅ ရက်၌ ထုတ်ပြန်ထားသည်။
စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့်အတွက် ကလေးသူငယ်များ ထိခိုက်သေဆုံးမှုအပေါ် ပြင်းပြင်းထန်ထန်ဆန့်ကျင်သည်ဟု Unicef East Asia and Pacific က ဖေဖော်ဝါရီလ ၇ ရက်တွင် စာထုတ်ပြန်ခဲ့သော်လည်း တိုက်ခိုက်သည့်အဖွဲ့ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများကို ကာကွယ်ရန် No Fly Zone များ သတ်မှတ်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုနေသည်ဟုလည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့် ၁ ရက်တည်း၌ပင် ရှားတောမြို့နယ်အတွင်း တောင်ယာခင်းတစ်ခုတွင် စစ်ဘေးရှောင်နေကြသည့် အရပ်သားပြည်သူ မိသားစု ၃ စုကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အရပ်သားပြည်သူ ကလေးငယ် ၃ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး၊ ကိုယ်ဝန်အတွင်းရှိ သန္ဓေ သားလောင်း ၁ ဦး နှင့် အမျိုးသား ၁ ဦး၊ စုစုပေါင်း ၈ ဦးကို သတ်ဖြတ်ခဲ့သည်။
စစ်အာဏာသိမ်း ၃ နှစ်တာကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၅၂ ကျောင်းပျက်စီးခဲ့ရပြီး အခြားသော အကြောင်းများကြောင့် ပျက်စီးခဲ့ရသည့် ကျောင်းပေါင်း ၁၉၉ ကျောင်းရှိခဲ့သည်ဟု NUG က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် အသက် ၁၈ နှစ်အောက်ကလေးငယ် ၆၃၀ကျော် သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် UNICEF ရခိုင်ပြည်နယ်တာဝန်ခံတို့ စက်တင်ဘာ ၇ ရက်က တွေ့ဆုံခဲ့စဉ်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3290
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7595