ထန်းတပင်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်
*******************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၇၊ ၂၀၂၄။
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားရာနေရာ ၆ နေရာထက်မနည်းကို တော်လှန်ရေး အင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု ဒေသခံများထံက သိရသည်။
ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးရှိ ခလရ ၇၃ အပါအဝင် နေရာ ၆ နေရာထက်မနည်းကို ယနေ့နံနက် ၂ နာရီ ခန့်တွင် တော်လှန်ရေးအင်အားစုများကတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ် ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“တံတားဦး၊ မိတ္ထီလာ၊ တောင်ငူလေတပ်က အားလုံးလာတယ်လို့ လေကြောင်းသတင်းပေးတွေက ပြောတယ်။ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချနေတာပါ မနက်ကတည်းက။ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးဘူး။ ရန်သူအသေ အပျောက်များတယ်” ဟုဆိုသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ တပ်မဟာ ၂ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဇရပ် ကြီးရဲစခန်း၊ မြို့စိုးတံတားစစ်ဆေးရေးဂိတ်၊ ခလရ ၇၃၊ ချောင်းချားစခန်းနှင့် ရှားစေလိုးစခန်းများကို တပြိုင်နက် တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေယာဉ် ၁ စင်းကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ပစ်ချနိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါ လေယာဉ်ပစ်ချနိုင်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မြေပြင်သတင်းရင်းမြစ် ၁ ဦးက “ငှက်ကင်တော့ အတည် မပြုနိုင်သေးဘူး။ မီးခိုးတန်းထွက်သွားတယ်လို့ ကြားရတယ်။ ဘယ်နားကျမှန်းမသိရသေးလို့ အတည်မပြုနိုင်သေး ဘူး” ဟု ဆိုသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးတဝိုက်ကို လက်နက်ကြီးနှင့်လေကြောင်းအသုံးပြု၍ ပစ်ခတ် တိုက်ခိုက်နေပြီး ပြည်သူအများအပြားပိတ်မိနေကြသည်ဟု ဒေသခံများထံက သိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3257
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7526