NUG လက်ပိုက်ကြည့်မနေရန် ကရင်နီအစိုးရ
အလေးအနက်ထားတောင်းဆို
*****************************
Saw Smith
ဖေဖော်ဝါရီ ၆ ၊ ၂၀၂၄ ။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိစာသင်ကျောင်း ၂ ကျောင်းကို စစ်ကောင်စီက ယမန်နေ့တွင်ဗုံးကြဲမှုကြောင့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ကရင်နီပြည် ကြားလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ရာ၌ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံး ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်း တောင်းဆိုထားသည်။
ယမန်နေ့ ဖေဖေါ်ဝါရီလ ၅ ရက်၊ နံနက် (၁၀း၁၅) နာရီနှင့် (၁၁း၂၀) နာရီ ဝန်းကျင်ခန့်တွင် ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာရှိ စာသင်ကျောင်း နှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း အနီးအနားတဝိုက်သို့
စစ်ကောင်စီမှ လေယာဉ်ဖြင့် (၁၀)ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်း၌ပင် လွိုင်ကော်နှင့် ဒီးမော့ဆိုရှိ စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးဖြင့် (၆) ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် ဒေါဆီးအီကျေးရွာ စာသင်ကျောင်းတွင် အေးချမ်းစွာ ပညာသင်ကြားနေသော အသက် ၁၃ နှစ်အရွယ် ဝန်းကျင်ရှိသည့် အလယ်တန်းကျောင်းသား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး မူကြိုအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ကလေးငယ် စုစုပေါင်း ၁၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အတူ လွိုင်နန်းဖကျေးရွာရှိစာသင်ကျောင်းတွင်လည်း ဆရာ၊ ဆရာမ ၂ ဦး နှင့် ကျေးရွာသူ ရွာသား ၅ ဦး ဒဏ်ရာရရှိကာ သက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ကျောင်းအဆောက်အဦး ၆ လုံး ၊ ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း ၊ လူနေအိမ် ၅ လုံး နှင့် ကား ၁ စီး ပျက်စီးသွားခဲ့သည်။
ကလေးငယ်များ သေဆုံးခဲ့ရသည့် မိဘများမှာ ယနေ့ နံနက်ပိုင်းထိ ငိုနေကြပြီး အားပေးစကားပြောဖို့ပင် အဆင်မပြေသေးဟု ထိခိုက်ဒဏ်သူများအား ကူညီပေးနေသူတစ်ဦးကပြောသည် ။
” နာရေးအိမ်ကိုသွားတာ သူအမျိုးတွေနဲ့ အားပေးစကားပြောတာပေါ့။ ဒါပေမယ့် မိခင်ဖြစ်တဲ့သူက ပစ္စည်းတွေထားတဲ့ ဂိုထောင်လေးထဲပဲ ငိုနေတော့ ကျွန်တော်လည်း စကားမပြောခဲ့ရဘူး “ဟု စစ်ရှောင်များကူညီနေသည့် ထွန်းမြန်မာဒိုနေရှင်းမှ တာဝန်ရှိသူ ကိုဖိုးဇော်က ပြောသည် ။
ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုသည် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့်ဓလေ့ထုံးတမ်းဥပဒေများအပေါ် ဆိုးဝါးသည့် ချိုးဖောက်မှုဖြစ်ရာ ရောမသဘောတူစာချုပ် (Rome Statue) အရ စစ်ရာဇဝတ်မှုမြောက်သည့် ရက်စက်သော လုပ်ရပ်ဖြစ်သည်ဟု IEC က ထုတ်ပြန်သည်။
ထို့အပြင် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of the Child – CRC) အရ “ကလေးတိုင်းတွင် ပင်ကိုယ်ဗီဇအဖြစ် အသက်ရှင် နေထိုင်ခွင့်ရှိသည်”ဟူသောအချက်နှင့် ဂျီနီဗာ သဘောတူညီချက်များကိုလည်း အကြမ်းဖက် စစ်ကောင်စီမှ အလေးထားမှု မရှိဘဲ ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည် ။
ထို့ကြောင့် လူနည်းစုများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအား ဆိုးဝါးစွာ ချိုးဖောက်မှုများအတွက် အကြမ်းဖက်စစ်ကောင်စီ တာဝန်ရှိသူများကို တရားစွဲဆို အပြစ်ပေးရန် သော်လည်းကောင်း၊ ၎င်းတို့မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန်သော်လည်းကောင်း NUG အပါအဝင် နိုင်ငံတကာထံ IEC က အလေးအနက် တိုက်တွန်း တောင်းဆိုထားခြင်းဖြစ်သည် ။
ထိုကိစ္စမှ ပြစ်မှုကျူးလွန်သူများအား အရေးယူနိုင်ရေးဆောင်ရွက်နေပြီး နိုင်ငံတကာအနေဖြင့်လည်း ကရင်နီဒေသရှိ စစ်ဘေးရှောင်များ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးကိစ္စများကို မျက်ကွယ်မပြုထားရန် လိုအပ်သည်ဟု ကရင်နီလူ့အခွင့်အဖွဲ့ ဒါရိုက်တာ ဦးဗညားကပြောသည်။
” ကျွန်တော်တို့က ကိုယ့်အားကိုယ်ကိုး လုပ်နေကြတယ်ဆိုပေမယ့် နိုင်ငံတကာရဲ့ အကူအညီတွေက အရမ်းလိုအပ်နေပါတယ် ” ဟု ဦးဗညားက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး NUG လူ့အခွင့်အရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းထံ သံလွင်ခက်က ဆက်သွယ်မေးမြန်းထားသော်လည်း လက်တလောတွင် ပြန်လည်ဖြေကြားခြင်း မရှိသေးပေ ။
ထို့ကိစ္စနှင့်ပတ်သက်၍ NUG က ယနေ့ နေ့လည် ၁၂ ရီကျော်အချိန်၌ ထုတ်ပြန်ကြေညာချက်တစ်ခု ထုတ်ပြန်ထားပြီး ကလေးသူငယ်များနှင့် စာသင်ကျောင်းများ ၊ ဘာသာရေးအဆောက်အဦးများ ကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ကလေးသူငယ်များအား တရားမဲ့စွာသတ်ဖြတ်နေခြင်းကို ပြင်းထန်စွာရှုတ်ချသည်ဟု ပါရှိသည် ။
ထို့ပြင် အဆိုပါ လုပ်ရပ်များအတွက် အဓိက တာဝန်အရှိဆုံးဖြစ်သော အကြမ်းဖက်စစ်ခေါင်းဆောင်များအပါအဝင် ကျူးလွန်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခဲ့သူများ၊ အားပေးအားမြှောက်ပြုသူများအားလုံးကို ပြည်တွင်း တရားရုံးများတွင်သာမက နိုင်ငံတကာ တရားရုံးများတွင်ပါ တရားစွဲဆိုပြီး ထိခိုက်နစ်နာခဲ့ကြရသူများအားလုံးအတွက် တရားမျှတမှု ပြန်လည်ရယူနိုင်ရေး တော်လှန်ရေးအင်အားစုများ အားလုံးနှင့်ပူးပေါင်းကာ ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည် ။
ယမန်နေ့၌ ဖြစ်ပွားခဲ့သော ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ခိုက်ခံရမှုတွင် ကလေးငယ်များ သေဆုံးနှင့် ဒဏ်ရာရ စာရင်းကို NIG က ဖော်ပြထားရာတွင် ကလေးငယ် ၄ ဦးသေဆုံး၍ ၁၀ ဦးဒဏ်ရာရရှိသည်ဟု ပါပြီး IEC ၏ ထုတ်ပြန်ချက်အရ ဒဏ်ရာရ ကလေးငယ် ၄ ဦးထက်မနည်း ပိုနည်းနေသည်ကို တွေ့ရှိရသည် ။
အာဏာသိမ်း ၃ နှစ်တာကာလအတွင်း စစ်တပ်၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် အသက်(၁၈) နှစ်အောက်ကလေးငယ် ၆၃၀ ကျော်သေဆုံးခဲ့ရပြီး စာသင်ကျောင်းပေါင်း ၂၅၁ ကျောင်းပျက်စီးခဲ့သည်ဟု NUG က ယနေ့ ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်သည် ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3240
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7499