ဖျက်သိမ်းကြောင်းကြေညာထားသည့် အဖွဲ့အစည်းများကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု NUG အလုပ်သမားဝန်ကြီးဆို
******************
သံလွင်ခက်။
ဖေဖော်ဝါရီ ၆ ၊ ၂၀၂၄။
ဖျက်သိမ်းကြောင်းကြေညာထားသည့် အဖွဲ့အစည်းများကို ထိရောက်သည့်အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG – အလုပ်သမားဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးကျော်နီက သံလွင်ခက်သတင်းဌာနကို ပြောသည်။
စစ်ကောင်စီနှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (Myanmar Oversea Employment Agency Association – MOEAA) ကို အပြီးတိုင် ဖျက်သိမ်း ကြောင်း NUG အလုပ်သမားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
MOEAA အနေဖြင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကို ဖြေရှင်းဆောင်ရွက်ပေးမှုမရှိသည့်အပြင် စစ်ကောင်စီအား ငွေကြေးများ ထည့်ဝင်ထောက်ပံ့ပေးနေခြင်း၊ စစ်ကောင်စီ၏ နိုင်ငံခြားငွေ အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ချွေးနည်းစာကို (အခွန်နှစ်ထပ်) ကောက်ခံခြင်းနှင့် လုပ်အားခ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံပြန်လည်လွှဲပြောင်းပေးရန် စစ်ကောင်စီ စီစဉ်ထားသည့် နည်းလမ်းအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီအပေါ် ဝင်ငွေခွန်ပေးဆောင်ရန်နှင့် အကျိုးဖြစ်ထွန်းစေမည့်နည်းလမ်းဖြင့် ငွေလွှဲပို့ရန်ကိစ္စရပ်များတွင် အတင်းအကြပ်ဖိအားပေးသူများကို အမည်ပျက်စာရင်း (Black List) သတ်မှတ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုအရေးယူသွားမည်ဟု NUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
NUG အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ” ပထမတဆင့်အနေနဲ့ အသင်းကို ဖျက်သိမ်းတာ ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ ကုမ္ပဏီအေဂျင်စီ ၁ ခုချင်းစီကို Black List သွင်းဖို့ရှိပါတယ်။ ရှေ့ဆက်ပြီး တော့လည်း ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်ဖို့ရှိပါတယ် ” ဟုဆိုသည်။
MOEAA ကို အပြီးတိုင်ဖျက်သိမ်းကြောင်း ကြေညာခြင်းနှင့်ပတ်သက်၍ NUG အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဒီထက် ပိုမိုထိရောက်သော သက်ရောက်မှုဖြစ်စေသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်သင့်သည်ဟု အလုပ် သမားသမဂ္ဂအဖွဲ့များက ထောက်ပြကြသည်။
အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၁ ဦးက ” အခုကျတော့ သူကဖျက်သိမ်းတယ်ဆိုတော့ သူ့ဆီမှာ မှတ်ပုံတင်ထားတာမှ မဟုတ်တာ။ သူဖျက်သိမ်းတော့ကော ဟိုက ဘာဂရုစိုက်မှာမို့လို့လဲ။ ပြောတာက ဒီထက်ထိရောက်တဲ့ သက် ရောက်မှုဖြစ်တဲ့ ကြေညာချက်မျိုးကိုလုပ်သင့်တယ်။ နောက်ပြီး ခဏခဏကြေညာချက်ထုတ်တာထက်စာရင် လုပ်ဆောင်မှုတွေပြသင့်တယ်။ ပြည်တွင်းမှာရှိနေတဲ့အလုပ်သမားတွေ ပြည်ပမှာ ဒုက္ခရောက်နေတဲ့အလုပ်သမား တွေအတွက် ဒီထက်ထိရောက်တဲ့လုပ်ဆောင်မှုတွေ NUG အနေနဲ့ လုပ်ဆောင်စေချင်တယ်။ ဒါမျိုးတွေလုပ်လို့ ရှိရင် ကျွန်မတို့က ပိုပြီးတော့လက်ခုပ်တီးပေးမှာ ပိုပြီး ပူးပေါင်းပါဝင်ပေးမှာ ” ဟု ဆိုသည်။
NGU က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်တွင်လည်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် – UMFCCI ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
ထို့နောက် ယခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် UMFCCI ဥက္ကဋ္ဌ ၊ ဒု ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်း ရေးမှူးအပါအဝင် ဗဟိုအလုပ်အမှုဆောင် စုစုပေါင်း ၆၄ ဦးကို အမည်ပျက်စာရင်းကြေညာခဲ့သည်။
ဓာတ်ပုံ – MOEAF
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3249
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7511