မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲ နှစ်ဖက်ကျဆုံးမှုရှိ
**************************
နန်းဆုပန်ခန့်
ဖေဖော်ဝါရီ ၂၊ ၂၀၂၄။
ကရင် – ထိုင်းနယ်စပ် မြဝတီမြို့၊ ကုန်သွယ်ရေးဇုန်နှင့် သင်္ကန်းညီနောင်အကြား ယနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ကျဆုံးမှုရှိသည်ဟု ဒေသခံများထံက သိရသည်။
တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုများကြောင်း စစ်ရေးနီးစပ်သူ ဒေသခံအမျိုးသား ၁ ဦးထံက သိရသည်။
” မြဝတီကုန်သွယ်ရေးဇုန် နေ့လယ်ကပဲဲကြမ်းနေတယ်။ သတင်းကောင်းတွေ ကြားရတယ် ခုလက်ရှိတိုက်ပွဲက BGF တွေ ရှောင်ပေးနေလို့ စကစတွေအကျများနေတယ် သိရတယ်” ဟု ၎င်းက သံလွင်ခက် ကို ပြောသည်။
နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်း ၁ ဦးကျဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် များထံက သိရသည်။
တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီ၏ ခလရ – ၂၇၅ က ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီပစ်ခတ်မှုကြောင့်လည်း ရွာသစ်ရွာက ဒေသ ခံ ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်သေဆုံးမှုရှိကြောင်း အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသား ၁ ဦးကဆိုသည်။
၎င်းက ” လက်နက်ကြီးက ၂ယောက်ထိတယ်၊ အသက် ၁၀ နှစ်ဝန်းကျင်လောက်ရှိတဲ့ကလေးက ဆုံးသွားပြီ၊ကလေးက ယောကျ်ားလေ။ အသက် ၆၀ ပတ်ချာလည်လောက်ရှိတဲ့ အဖွား ၁ ယောက်က ဒဏ်ရာရတယ် ” ဟု ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသစ်ရွာက နေအိမ် ၁ လုံးထိခိုက်ပျက်စီးပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ရကြောင်း ၎င်းကပြော သည်။
ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် ကာကွယ်ရေးရဲဘော်များက ခလရ ၂၇၅ အနီးရှိ ရွာသစ်စာကျောင်းကို စီးနင်းခဲ့သည်ဟု မြဝတီဒေသခံအမျိုးသမီး ၁ ဦးထံကသိရသည်။
၎င်းက “ မြေနီကုန်းဘက်က အသံကြားတယ်ပြောတယ်။ အစ်မတို့မြို့ပေါ်မှာကတော့အသံမကြားရဘူး။ ဒီဘက်အဖွဲ့က ရွာသစ်စာသင်ကျောင်းကို ဝင်စီးထားတယ်လည်းပြောကြတယ်။ စာသင်ကျောင်းက ၂၇၅ နဲ့သိပ်မဝေးဘူးလေ ” သံလွင်ခက်ကိုပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA လက် အောက်ရှိ ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့က မြဝတီမြို့ကုန်သွယ်ရေးဇုန်နှင့် သင်္ကန်းညီနောင်ရဲစခန်း၊ အာရှလမ်းမကြီး၊ ကော့ကရိတ်လမ်းနှင့် ကျုံဒိုးမြို့ နေရာ ၅ နေရာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ဓာတ်ပုံ – ဒေသခံ။
ပုံစာ – ဖေဖော်ဝါရီ ၂ ရက်၊ စစ်ကောင်စီလက်နက်ကြီးပစ် ခတ်မှုကြောင့် နေအိမ် ၁ လုံးပျက်စီးမှု အခြေအနေ။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3220
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7465