မုဒိမ်းမှုကျုးလွန်သည့် တပ်ဖွဲ့ဝင် ၂ ဦးကို KTLA အထူးစစ်ခုံရုံးက ထောင်ဒဏ်အသီးသီးချမှတ်
********************
သံလွင်ခက်
ဖေဖော်ဝါရီ ၂ ၊ ၂၀၂၄။
မုဒိမ်းမှုကျုးလွန်ခဲ့သည့် တပ်ဖွဲ့ဝင် ၂ ဦးကို ကော်သူးလေ တပ်မတော် – KTLA အထူးစစ်ခုံရုံးက ယနေ့ ဖေဖော်ဝါရီ ၂ ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်ဟု သိရသည်။
ကော်သူလေးတပ်မတော် – KTLA ကွန်မန်ဒိုတပ်ရင်းက တပ်ဖွဲ့ဝင် မောင်မှူး ( အမည်လွှဲ ) နှင့် မောင်စိုး ( အမည်လွှဲ ) ၂ ဦးသည် ၎င်းတို့တပ်ဖွဲ့ထဲရှိ တပ်ဖွဲ့ဝင် ၁ ဦး၏ ဇနီးအား ခင်ပွန်းမရှိသည့်အချိန်တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မကျေနပ်သည့်အတွက်
ထိုအမျိုးသမီးက KTLA ဗဟိုစစ်ဌာနချုပ်ကိုတိုင်ကြားခဲ့သည်။
တိုင်ကြားမှုအတွက် KTLA ဗဟိုစစ်ဌာနချုပ်က အထူးစစ် ခုံရုံးဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။
၃ လခန့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါ ပြစ်မှုကျူးလွန်သူ ၂ ဦးအား ယနေ့တွင်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အထူးစစ်ခုံရုံး အမှုစစ်အရာရှိ စောခွန်သော် က သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” ပထမပိုင်းတော့ ထွက်ဆိုချက်တွေကတော့ အလိုတူ အလိုပါလို့ပြောကြတယ်။တစ်ဖက်နဲ့တစ်ဖက်ကတော့ အပြန်အလှန်ပြောကြတာတွေရှိတယ်။ နောက် ဆုံး လက်ရှိ အကျဉ်းချုံ့ပြောမယ်ဆိုရင် ထိန်းသိမ်းထားတဲ့ ၂ ယောက်ရှိတယ်။ ထိန်းသိမ်းထားတဲ့ ၂ ယောက်က မုဒိမ်းမှုကျူးလွန်တယ်ဆိုတာကို ကျွန်တော်တို့က သက် သေတွေကော အထောက်အထားတွေကိုကော အကုန်စစ်ဆေးတွေ့ရှိရတယ်။ အဲ့တော့ ဒီနေ့မှာ ကော်သူလေးရဲ့ပုဒ်မတွေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာရှိတဲ့ ပုဒ်မတွေအကုန်ကို ကိုးကားပြီးတော့ စီရင်ခြင်းဖြစ်ပါတယ် ” ဟု ဆိုသည်။
ထို့ကြောင့် အထူးစစ်ခုံရုံးက မုဒိမ်းမှုကျူးခဲ့သည့် KTLA ကွန်မန်ဒိုတပ်ရင်းက တပ်ဖွဲ့ဝင် မောင်မှူး (အမည်လွှဲ) ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပြီး မောင်စိုး ( အမည်လွှဲ )ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်အပြင် တပ်တွင်း၌ မူးယစ်ဆေးဝါးသုံးစွဲခဲ့သည့်အတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၁၂ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – ပြစ်မှုကျူးလွန်သူများကို အထူးစစ်ခုံရုံး၌ အမိန့်ချမှတ်သည့်မြင်ကွင်း။