အပြုသဘောဆောင်သည့်တွေ့ဆုံဆွေးနွေးမှုအတွက် မြန်မာစစ်တပ်ကို နိုင်ငံတကာတောင်းဆို
****************
သဇင်
ဖေဖော်ဝါရီ ၁ ၊၂၀၂၄။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပြဿနာများကိုဖြေရှင်းရန် သက်ဆိုင်သူအားလုံးပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖန်တီးပေးရန် မြန်မာစစ်တပ်ကိုတောင်းဆိုသည်ဟူသော ကြေညာချက်ကို ဥရောပသမဂ္ဂကိုယ်စား အဆင့် မြင့်ကိုယ်စားလှယ်များပါဝင်သည့် နိုင်ငံတကာအဖွဲ့အစည်းများက ယနေ့တွင် သဘောထားထုတ်ပြန်သည်။
အဆိုပါသဘောထားသည် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ သြစတြေးလျ၊ ကနေဒါ၊ နယူး ဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့က နိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်မြောက်ခြင်းအပေါ် ပူးတွဲထုတ်ပြန် ကြေညာချက်ဖြစ်သည်။
စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်တစ်စုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့သည့်အပြင် လူထောင်ပေါင်းများစွာထောင်ချခံရခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများနှင့်အတူ အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်မှုများ မြင့်မားခဲ့သည်။
အာဏာသိမ်းကာလ ၃ နှစ်ပြည့်သည့်တိုင် စစ်အာဏာရှင်အဖွဲ့အစည်းက ဆက်လက်ကျူးလွန်နေသည့် လိင်ပိုင်း ဆိုင်ရာနှင့် ကျား / မ အခြေပြုအကြမ်းဖက်မှု၊ ငြိမ်းချမ်းစွာဆန္ဒပြခွင့်နှင့် သတင်းမီဒီယာများလွတ်လပ်စွာထုတ် ဖော်ခွင့်အပါအဝင် အခြေခံကျသောလွတ်လပ်ခွင့်များကို ကန့်သတ်ခြင်းကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှု များကို အပြင်းအထန်ရှုတ်ချသည်ဟု ဖော်ပြထားသည်။
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေများကြောင့် လူပေါင်း ၂ ဒဿမ ၆ သန်း ကျော် အိုးအိမ်စွန့်ခွာခဲ့ ကြရပြီး လူပေါင်း ၁၈ သန်းကျော် အကူအညီလိုအပ်နေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်တပ်၏ ဦးတည်ချက်လမ်းစဉ်ပြောင်းလဲလုပ်ဆောင်ရန်၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ လူသားချင်း စာနာမှုဆိုင်ရာအကူအညီများ အပြည့်အဝပေးအပ်ခွင့်ပြုရန်တို့ကိုလည်း ထပ်လောင်းတောင်းဆိုထားသည်။
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သောလုပ်ဆောင်ချက်များဆောင်ရွက်ရန် လိုအပ်သည့်လက်နက်နှင့် စက် ပစ္စည်း ကိရိယာများရရှိမှု ရပ်တန့်သွားအောင်ဆောင်ရွက်ရန် အားထုတ်လုပ်ဆောင်မှုများတွင်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက အဖွဲ့ဝင်နိုင်ငံများအားလုံး ထောက်ခံအားပေးပါဝင်ကြရန် ဟူသောအချက်အလက်များလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3210
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7440