ဒေါက်တာတေဇာဆန်း
“ပြည်သူလူထုပါဝင်မှုအနေနဲ့ကတော့ ဒီတော်လှန်ခရီး ၃ နှစ်ပြည့်မှာတော့ အခုရှိတဲ့အချိန်ထိပေါ့နော် အားရစရာအကောင်းဆုံးအနေအထားနဲ့ ပါဝင်ခဲ့တယ်လို့ပြောနိုင်ပါတယ်။ ဒါတော့ ပြည်သူအများစုပေါ့ဗျာ။ ဆိုတော့ ဒီ ၃ နှစ်ဆိုတဲ့အချိန်တစ်ခုရောက်တဲ့အချိန်မှာ တချို့သောပြည်သူတွေမှာ အကြောင်းကြောင်းကြောင့် တော်လှန်စိတ် ရှိပေငြားသော်လည်း လက်တွေ့ပူးပေါင်းပါဝင်မှုအပိုင်းမှာ စားဝတ်နေရေး လူမှုစီးပွားအခက်အခဲ အကြပ်အတည်းတွေကြောင့်ဖြစ်စေ စစ်ကောင်စီရဲ့အကြောက်တရား ဖိနှိပ်မှုကြောင့်ဖြစ်စေ တစုံတရာအားနည်းသွားစေတယ်ထင်ရပေမယ့် ပြည်သူအများစုကတော့ ဒီတော်လှန်ရေးအပေါ်မှာ အပြည့်အဝပူးပေါင်းပါဝင်နေတယ်။ သေချာတာကတော့ အပြည့်အဝထောက်ခံနေတယ်။ ဒါတော့ ကျွန်တော်တို့ အင်မတန်သေချာတယ်။ ခြုံပြောရရင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက တော်လှန်ရေးဘက်မှာ အပြည့်အဝရှိနေတယ်။ အားအကောင်းဆုံးအခြေအနေမှာရှိနေတယ်လို့ ကျွန်တော်ပြောချင်တယ်ဗျ။”
CDM ဗိုလ်ကြီးဇင်ယော်
“ကျွန်တော်တို့တွေ ပထမကပြောခဲ့တယ်ပေါ့နော်။ စစ်တပ်က စစ်ပန်းလာနေပြီပေါ့နော်။ အခုဒီ ၂၀၂၃ နှောင်းပိုင်းကိုကြည့်လိုက်မယ်ဆိုရင် စစ်တပ်က တကယ်ကိုစစ်ရှုံးသွားပြီပေါ့နော်။ အနေအထားကလည်း စစ်ရေးအရ ပြောင်းပြန်ဖြစ်နေပြီ။ စစ်တပ်ကလက်နက်ချတာ။ တချိန်တုန်းကဆို ကျွန်တော်တို့ကြားခဲ့ဖူးတာပေါ့။ စစ်တပ်ဆိုတာ လက်နက်ချတာမရှိဘူး။ ကျည်တစ်တောင့် လူလေးယောက်နဲ့ပဲ ချကြတယ်။ အဲဒီစကားတွေရှိခဲ့တာပေါ့။ အခုအချိန်ကျတော့ ဒီစစ်တပ်က မင်းအောင်လှိုင်လက်ထက် အာဏာသိမ်းစစ်အစိုးရရဲ့အောက်မှာ စစ်တပ်က စစ်ရေးအရ လုံးဝကိုဆုံးရှုံးနေပြီ။ ဘာလို့လဲဆိုတော့ အဓိက ပထမအချက်ကတော့ ပြည်သူနဲ့ဖက်ပြိုင်ပြီးတော့ တိုက်ရတဲ့စစ်ဖြစ်တယ်။ ပြီးတော့ကျတော့ ပြည်သူတစ်ရပ်လုံးထောက်ခံတဲ့စစ်ဖြစ်လို့ စစ်တပ်ဘက်ကလည်း သူ့ဟာသူ လက်နက်ဘယ်လောက် သုံးသုံးပေါ့နော် လက်နက်သုံးတယ် ပြည်သူတွေသေကြေတယ် ပျက်စီးတယ် ဒါပေမယ့် ပြည်သူတွေကတော့ အကြောက်တရားမရှိတော့ဘူး။ ဘာလို့လဲဆိုတော့ တစ်သက်လုံးကြောက်လာရတာ ဒီအချိန်ကျမှ ဘာမှမထူးတော့ဘူး ပြည်သူတွေကလည်း သူတို့ကိုရွံရှာမုန်းတီးတဲ့ အနေအထားကိုရောက်သွားပြီ။ အဲဒါကြောင့်စစ်တပ်က ဒီ ၃ နှစ်ပြည့်တဲ့အချိန်မှာ စစ်ရေးအရ ရှုံးကိုရှုံးနေပြီလို့ပြောချင်တယ်ဗျ။”
ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ
“အခု ၃ နှစ်တာကာလအတွင်းမှာ ရရှိနေတဲ့အောင်မြင်မှုတွေကို ဆက်လက်ပြီးထိန်းသိမ်းထားမယ်။ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့တွေအားလုံးက ဒီထက်ပိုပြီး ညီညွတ်ဖို့လိုပါသေးတယ်။ အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့လည်း လိုသေးတယ်။ ဒီတော်လှန်ရေးကိုက ညီညွတ်ရေးနဲ့စတင်တဲ့တော်လှန်ရေးဖြစ်လို့ ရှေ့လျှောက်လည်း ပိုပြီးညီညွတ်မယ် ပိုပြီးအပြန်အလှန်ယုံကြည်မှုတွေအားကောင်းရင်တော့ အမြန်ဆုံးအောင်မြင်နိုင်မှာပါ။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း မဟာမိတ်တော်လှန်ရေး အင်အားစုအားလုံးနဲ့အတူ ညီညီညွတ်ညွတ်နဲ့ ယုံကြည်မှုကို အပြန်အလှန်တည်ဆောက်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသုတ်သင်နိုင်တဲ့အထိ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ စစ်ကောင်စီအနေနဲ့ လက်နက်ကြီးပစ်ကူတွေ လေကြောင်းပစ်ကူတွေက တိုက်ပွဲရဲ့အဖြေကိုပြောင်းနိုင်တဲ့ထိ အထောက်အကူမဖြစ်စေပါဘူး။ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေနဲ့လည်း သူတို့ရဲ့အားသာချက်ဖြစ်တဲ့ လေကြောင်းကိုပြန်လှန်ချေမှုန်းနိုင်ဖို့ ကျွန်တော်တို့ လက်နက်ကိရိယာတွေကို ရတဲ့အရင်းအမြစ်တွေကနေ ရှာကြံပြီးတပ်ဆင်ပေးထားတာတွေရှိပါတယ်။ ဒါကြောင့်စစ်တပ်ရဲ့လေယာဉ်တွေကို ပြန်ပစ်ချနိုင်တဲ့ထိ အောင်မြင်မှုတွေရနေပါပြီ။ ရှေ့လျှောက်လည်း ဒီထက်ပိုပြီးအောင်မြင်မှုတွေရလာဖို့ရှိတယ်ဆိုတာကလည်း ပြောချင်ပါတယ်။”