ကိုပင်လယ်လူအသတ်ခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ထုတ်ပြန်
******************************
သဇင်
ဇန်နဝါရီလ ၂၉ ၊၂၀၂၄။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာတွင်နေထိုင်သည့် မိကျောင်းစစ် ကြောင်း၏ တပ်ထောက်ဖြစ်သူ ကိုပင်လယ်လူ အသတ်ခံရသည့်ကိစ္စအား စုံ စမ်းစစ်ဆေးမှုကော်မတီကစစ်ဆေးခဲ့ပြီး စစ်ဆေးမှုရလဒ်ကို ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါစုံစမ်းစစ်ဆေးရေးကော်မတီကို ဇန်နဝါရီ ၂၁ ရက်တွင် ကရင်အမျိုး သားကာကွယ်ရေးအဖွဲ့ – KNDO – တပ်ခွဲ ၅၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF၊ PPDF၊ ပုလောစစ်ကြောင်း – ၁ ၊ ဗိုလ်မိုးကြိုးအဖွဲ့တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်။
ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ – PRDF တပ်ဖွဲ့ဝင် ၁ ဦးဖြစ်သည့် ကိုပင်လယ်လူ သည် ၂၀၂၃ ခုနှစ် မေလ ၂၈ ရက်တွင် PRDF တပ်ဖွဲ့မှ တရားဝင်နှုတ်ထွက်ခဲ့ပြီး ရက်သတ္တပတ်အကြာ၌ မိကျောင်းစစ်ကြောင်းသို့ဝင်ရောက် ကာ တပ်ထောက်ရဲဘော်တာဝန်ထမ်းဆောင်ခဲ့သည်။
စုံစမ်းစစ်ဆေးရေးကော်မတီ၏ထုတ်ပြန်ချက်တွင် ကိုပင်လယ်လူ သည် ခွင့်ရက်ပြည့်၍ ပြန်ခေါ်ချိန်တွင်ပြန်မလာ ခြင်း၊ ရပ်ရွာထဲတွင် အရက်သောက်စားပြီး သေနတ်ကို စည်းကမ်းမဲ့ပစ်ဖောက်ခြင်း ၊ မိကျောင်းစစ်ကြောင်း အမည် ဖြင့် ပြည်သူများထံက အလှူခံထားသောဘဏ္ဍာငွေများအား အလွဲသုံးစားလုပ်ခြင်းတို့ကြောင့် မိကျောင်းစစ် ကြောင်းတာဝန်ခံဖြစ်သူ ဗိုလ်မုတ်ဆိတ် က ကိုပင်လယ်လူ အားဖမ်းဆီးရန် ရဲဘော်ဝိုင်လူးနှင့်အဖွဲ့အား အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ဇနီးသည်ကလေးမီးဖွားခွင့်နှင့်ပြန်လာသော ကိုပင်လယ်လူ ကို ဇန်နဝါရီ ၉ ရက် ညနေ ၇ နာရီဝန်းကျင်တွင် ရဲဘော်ဝိုင်လူးနှင့် ခေါင်းစွပ်စွပ်ထားသောလက်နက် ကိုင် ၅ ဦးက နေအိမ်တွင်လာရောက်ဖမ်းဆီးခဲ့သည်။
ယင်းနောက် ဇန်နဝါရီ ၁၀ ရက်၊ မနက် ၈ နာရီခန့်တွင် ဗိုလ်မုတ်ဆိတ်၊ ကပေါ့နှင့် ဝိုင်လူးထံ လွှဲပြောင်းပေးခဲ့ပြီး KNDO တပ်ခွဲ- ၅ကို ခေါ်ဆောင်လာသည့်လမ်းတွင် ကိုပင်လယ်လူ သည်သေနတ်လုကာ ထွက်ပြေးခဲ့သည့်အတွက် သေနတ်ပစ်ခတ်ဖမ်းဆီးမှုကြောင့်သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
အဆိုပါစုံစမ်းစစ်ဆေးရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုဂျိမ်းက –
“ ဒီစစ်ဆေးမှုရလဒ်ကို ကိုပင်လယ်လူကို သွားဖမ်းတဲ့ မိကျောင်းစစ်ကြောင်းက ရဲဘော်တွေကိုမေးတာရှိတယ်။ ကိုပင်လယ်လူဖမ်းခံထိတဲ့အချိန်မှာ လှမ်းမေးတာတွေရှိတယ်။ တခြားတပ်ဖွဲ့က ရဲဘော်တွေရဲ့ အသံရယ်။ ဒေသခံ ကိုပင်လယ်လူနေတဲ့ခန္တီ ရွာက ဒေသခံအနည်းဆုံး ၃ ဦးကိုလည်း ခေါ်ယူစစ်ဆေးတာတွေရှိတယ်။ ကျွန်တော်တို့ တပ်ဖွဲ့မှာပဲ ကျွန်တော်တို့ ရဲဘော်တွေနဲ့တူတူထားပြီးတော့ သူတို့ကိုစစ်ဆေးပြီး ကျွန်တော်တို့အဖွဲ့ ၅ ဖွဲ့ပေါင်းပြီး ထုတ်ပြန်တာဖြစ်တယ်”ဟုဆိုသည်။
ကိုပင်လယ်လူ ကို ဖမ်းဆီးခဲ့သူ ဗိုလ်မုတ်ဆိတ်နှင့်ရဲဘော်ဝိုင်လူးအပြင် မိကျောင်းစစ်ကြောင်းနှင့်ဆက်စပ်သူများကို KNU တပ်မဟာ- ၄၊ တပ်ရင်း – ၇ ၊ဗိုလ်မှူးကျော်ထွန်းက ကိုင်တွယ်ဖြေရှင်းနေသည်ဟု ၎င်းကဆက်ပြောသည်။
ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ကိုပင်လယ်လူ၏မိသားစုဝင် ၁ ဦးက ယင်းသို့စုံစမ်းစစ်ဆေးခြင်းသည် ၎င်းတို့ အဖွဲ့အချင်းချင်းအတွင်းသာ စုံစမ်းစစ်ဆေးခြင်းဖြစ်ပြီး ပြည်သူများထံလာရောက်မေးမြန်ဖြေရှင်းခြင်း မဟုတ်သည့် အတွက် အဆိုပါထုတ်ပြန်ချက်ကို လက်မခံနိုင်ကြောင်း ပြောဆိုထားသည်။
“ဒီထုတ်ပြန်ချက်ကို ပြည်သူတွေဆီသွားပြီးတော့ ဆက်သွယ်မေးမြန်းခြင်းလည်းမရှိဘူး။ အဖွဲ့အစည်းထဲမှာပဲ သူတို့ဟာသူတို့လုပ်သလိုဖြစ်နေပြီး ထုတ်ပြန်တဲ့ဟာကျတော့ အမှန်တရားမဟုတ်ဘူးဆိုတဲ့ အကြောင်း ပြောချင် တယ်။ ရွာမှာတစ်ရွာလုံးကလည်း စောင့်နေကြတယ်။ ဘယ်သူမှလည်းမပေါ်လာဘူး။ လာလည်း မမေးကြဘူး။ သူတို့လုပ်တာက သေတဲ့သူရဲ့အမှုကို မှန်အောင်မလုပ်တဲ့အပြင် ကျန်ခဲ့တဲ့ကလေးတွေရဲ့ အနာဂတ်ကိုပါ ဖျက်ဆီး သလိုဖြစ်နေတယ်”ဟု ကိုပင်လယ်လူ ၏ ညီမဖြစ်သူ မသူဇာကပြောသည်။
ကိုပင်လယ်လူသည် ရပ်ရွာထဲတွင် အရက်သောက်စားကာ စည်းကမ်းမဲ့သေနတ်ပစ်ခတ်သည်ဟု စွပ်စွဲချက်နှင့် ပတ်သတ်ပြီး မဟုတ်မမှန်ကြောင်း ခန္တီကျေးရွာတွင်နေထိုင်သူ ကိုပင်လယ်လူမိသားစုနှင့်နီးစပ်သူ အမျိုးသမီး ၁ ဦးကလည်း အခုလိုပြောဆိုထားသည်။
“အဲ့ဒီသေနတ်ပစ်တယ်ဆိုတာကလေ ကျွန်မတို့ရွာထဲမှာ သူခိုး ခိုးတယ်ဆိုတော့ သူက သူခိုးကိုခြောက်တဲ့သဘော နဲ့ သေနတ်ပစ်လိုက်တာပါ။ ကျွန်မတို့ရွာမှာ ကိုပင်လယ်လူ က ရွာမှာဆိုးဆိုးရွားရွား ဘာတစ်ခုမှ မလုပ်ဖူးဘူး။ ဒီလို ထုတ်ပြန်လိုက်တာကို ရွာသူရွာသားအားလုံးကလည်း လက်မခံဘူး။ ရွာသားတွေရှေ့မှာ လာဖြေရှင်းတာပဲလိုချင် တယ်” ဟု ဆိုသည်။
နောက်ထပ်ဒေသခံအမျိုးသား ၁ ဦးက “ကျွန်တော်သိထားသလောက်တော့ သူက သေနတ် ၁ ခါတော့ဖောက် တယ်။ အဲ့ဒါကတော့ အိမ် ၁ အိမ်မှာ သူခိုးဝင်တယ်လို့စွပ်စွဲခံရတာက ကျွန်တော့်တူပါ။ အမှန်တော့ ကျွန်တော်တူ လည်း မဟုတ်ဘူးပေါ့ဗျာ။ အဲ့ဒီမှာကိုပင်လယ်လူက ရွာမှာသူခိုးရှိတာမလိုလားဘူး ရွာအန္တရာယ်မကျရောက်ဖို့ အတွက် အဲ့ဒီလိုလုပ်ခဲ့တာပါ။
ရွာသူရွာသားတွေကို ခြိမ်းခြောက်တယ်ဆိုတာမဟုတ်ပါဘူး။ ရွာသားတွေဆီက ပိုက်ဆံတောင်းတယ်ဆိုတာလည်း မဟုတ်ပါဘူး။ သူက ရွာသားတွေအပေါ် အတော်လေးကောင်းတဲ့သူပါ။ အဲ့ဒါကြောင့် ရွာသူရွာသားတွေထဲက ၇၅ ရာခိုင်နှုန်းလောက်က သူ့ကိုချစ်ကြတယ်”ဟုပြောသည်။
ကိုပင်လယ်လူအသတ်ခံရသည့်ကိစ္စနှင့်ပတ်သတ်ပြီး ရွာရပ်အထိဆင်းကာ တိတိကျကျမေးမြန်းကာ အမှန်တရား ကိုဖော်ထုတ်နိုင်ရဖို့ မိသားစုဝင်များနှင့် ရွာသူရွာသားများက လိုလားနေကြသည်။
စုံစမ်းစစ်ဆေးမှုကော်မတီ၏ထုတ်ပြန်ချက်အရ ကိုပင်လယ်လူ ထံက 0.380 mm ပစ္စတို ၁ လက်နှင့်အတူ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့သည်ဟု ကျုးလွန်သူတွေကထွက်ဆိုကြောင်းဖော်ပြထားပြီး ကျုးလွန်သူတွေထံကလည်း M-16 – ၁ လက်၊ 0.380 mm ပစ္စတို ၁ လက်၊ ဖုန်း ၄ လုံး၊ Icon ၃ လုံးသိမ်းဆည်းရရှိခဲ့သည် ဟု သိရသည်။
ဓာတ်ပုံ – PRDF
ပုံစာ- ကိုပင်လယ်လူထံကရရှိသည့် စစ်အသုံးအဆောင်ပစ္စည်းများ။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3188
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7351